ယနေ့မနက်ပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း SSPP/SSA နှင့်အစိုးရစစ်တပ်ကြား တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွါးနေပြီး ရလခ တိုင်းဘက်မ စစ်ယာဉ်တန်းများလည်း မိုင်းရှူးဘက်သို့ ထပ်တက်သွားသည်ကို တွေ့ရကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ကပြောပါသည်။
“ဒီနေ့မနက်ပိုင်း ၆ နာရီခွဲလောက်ကစပြီး ပစ်ခတ်တိုက်ခိုက်နေကြတယ်။ လွယ်လန်းထဲမှာဘဲ။ ခု မွန်းလွဲ ၂ နာရီအထိ ဖြစ်နေတယ်။ မရပ်သေးဘူး။ မနေ့ကတော့ ညနေပိုင်း ထပ်မံပစ်ခတ်တာ မရှိဘူး။ မြန်မာဘက်က အလောင်းတွေ လာသယ် ထုတ်နေတာ တွေ့တယ်။ ခန့်မှန်းထားတာထက် ပိုများမယ်လို့တော့ ထင်တာဘဲ။ ဘယ်လောက်ကျတယ်တော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲ” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပါသည်။
ထို့အပြင် ယမန်နေ့က သျှမ်းပြည်တောင်ပိုင်း ခိုလမ်ဘက်မှ မြန်မာစစ်ယာဉ်တန်းတချို့လည်း မိုင်းနောင်၊ မိုင်းရှူးဘက်သို့ တက်လာကြောင်း ဆိုပါသည်။
“စစ်ကူသဘောတော့ဖြစ်မယ်မထင်ဘူး။ ကျနော်တို့တပ်တွေ ဆက်သွယ် အားဖြည့်တာတွေ မလုပ်နိုင်အောင် ဖြတ်ဖို့တက် လာတာ ဖြစ်နိုင်တယ်” ဟုလည်း ဗိုလ်မှူးစိုင်းလ က ပြောပါသည်။
တဖက်၌လည်း အစိုးရစစ်တပ်၏ နယ်မြေရှင်းလင်းရေးစီမံကိန်းဟုဆိုကာ တန့်ယန်းမြို့ တောင်ဘက် နမ့်လောဝ်းကျေးရွာ အုပ်စု နမ့်တောင်ဇိမ်ရွာအနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ လက်အောက်ခံ လွယ်လန်း တပ်စခန်းအား တပ်ဆုတ််ပေးရန် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကြားလူလွှတ်၍ ပြောဆိုခိုင်းခဲ့သည်ဟု ဆို၏။
သို့သော် SSPP/SSA မှ တန့်ယန်းဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ မိမိတို့ တပ်သားမိသားစုများ နေရာချထား ရေး ဆောင် ရွက်ရန်အတွက် နိုင်ငံတော် သမ္မတထံ၌ စာတင်ထားပြီးဖြစ်သဖြင့် တပ်မဆုတ်ပေးနိုင်ကြောင်း၊ အဆိုပါ ယာဉ်တန်းများ တက်လာစဉ်ကလည်း တပ်အပြောင်း အလဲအတွက်ဟုသာ ဝမ့်ဟိုင်းရှိ SSPP/SSA ဌာနချုပ်သို့ အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ထိုသို့မဟုတ်ဘဲ မိမိတို့အား ထိုးစစ်ဆင်ရန် တက်လာခြင်းဖြစ် သဖြင့် ယခုတိုက်ပွဲသည် မိမိတို့ဘက်မှ စတင်ကျူး လွန်ခြင်း မဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကဆက်လက် ပြောပြသည်။
တိုက်ပွဲစဖြစ်သည့် ၁၉ ရက်နေ့က ရမခတိုင်းရုံးထံ သျှမ်းပြည်တပ်မတော်မှ ဖုန်းဆက်မေးမြန်းရာ တိုင်းမှူးကိုယ်တိုင် မိမိတို့ တိုင်းအောက်မှ တပ်များမဟုတ်ကြောင်း ပြောဆိုပြီး တိုက်ပွဲရပ်တန့်ရေးအတွက် ညွှန်ကြားပေးမည်ဟုလည်း ပြောဆိုခဲ့သေး ကြောင်း ဆိုပါသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ က ပဏာမ အဆင့်၊ ပြည်ထောင်စု အဆင့် တို့ဖြင့် ဆွေးနွေးပြီးဖြစ်ပါသည်။ ထိုအချိန်မှ ယနေ့တိုင် အစိုးရ၏ စစ်တပ်နှင့် SSPP/SSA တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၈၀ ထက်မနည်း ဖြစ်ပွါးခဲ့ပြီးဖြစ်ကြောင်း SSPP/SSA အရာရှိများ အသိုင်းအဝိုင်းက ပြောပါသည်။