မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့ လုပ်ကွက် နှစ်ခုကို ဧပြီလ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်စဉ်ပြုနေကျ ကြံ့ခိုင်မှု စစ်ဆေးရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချိန်ဖြစ်၍ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓါတ်ငွေ့များကို ခေတ္တရပ်ဆိုင်းရမည် ဖြစ်ကာ ထိုင်းနိုင်ငံ လျှပ်စစ်မီး
ဖြန့်ဖြူးပေးနိုင်ခြင်းအပေါ် သက်ရောက်မှုများ ရှိနိုင်သည်ဟု ထိုင်း စွမ်းအင် ဝန်ကြီးဌာန ပြောသည်။
“ပြီးခဲ့တဲ့နှစ် စာရင်းတွေအရ ပြောရရင် ဧပြီလ ၄ ရက်နေ့ဟာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု အမြင့်မားဆုံး
နေ့ပါ။ ဒီအတောအတွင်း မြန်မာဘက်က သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ရပ်ဆိုင်းတာဟာ ကျနော်တို့ ဘန်ကောက်မြို့ ဒေသအချို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့ကို လျှပ်စစ်မီးပေးဝေနိုင်ဖို့အပေါ် ပြတ်လပ်မှု ဖြစ်စေမယ့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီနေ့ညနေ အစည်းအဝေးမှာ ဘယ်ဒေသ တွေ သက်ရောက်မှု ရှိနိုင်မလဲဆိုတာ တိတိကျကျ သတ်မှတ်နိုင်မယ်” ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၊ ဘန်ကောက်ရုံးချုပ်မှ အရာရှိတဦး ဖြစ်သူ ခွန်နရီန် က မဇ္စျိမကို ပြောသည်။
အစောပိုင်း၌မူ သဘာဝ ဓါတ်ငွေ့ လုပ်ကွက်များ၏ ကြံ့ခိုင်မှု ပြန်လည် စစ်ဆေးရေး လုပ်ငန်းစဉ်အား ဧပြီ ၄ ရက်မှ ၁၂ ကို သတ်မှတ်ထားခဲ့သည်။ သို့သော် ထိုင်းအစိုးရ ဘက်မှ မေတ္တာရပ်ခံ၍ လုပ်ငန်းကာလအား ဧပြီလ ၅ ရက်မှ ၁၃ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၄ ရက်နေ့သည် ထိုင်းနိုင်ငံတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲမှု အမြင့်ဆုံးနေ့ ဖြစ်ကာ ၎င်းရက်အတွက် အရန် လျှပ်စစ်အင်အား ပမာဏလည်း အနည်းငယ်ပင် ရှိသည်။ ၅ ရက်နေ့သည် ၄ ရက်နေ့ထက် အရန် လျှပ်စစ်အင်အား ပိုမိုရှိပြီး လျှပ်စစ် ပြတ်လပ်မှု စိန်ခေါ်မှုကို နည်းပါးစေခဲ့ ကြောင်း ထိုင်းစွမ်းအင် အရာရှိက ဆိုသည်။
တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့ လုပ်ကွက်များမှ တရက်လျှင် ၁,၁၀၀ သန်း ကုဗမီတာ ပမာဏရှိ သဘာဝဓါတ်ငွေ့များ ထိုင်းသို့ နေ့စဉ် တင်ပို့လျက်ရှိကာ ၎င်းမှ ၄,၆၀၀ မဂ္ဂါဝပ် ပမာဏရှိ လျှပ်စစ် ဓါတ်အား ထုတ်ယူလျက်ရှိသည်။ နိုင်ငံလုံး လျှပ်စစ် ထုတ်လုပ်မှု၏ ရ၀ ရာခိုင်နှုန်းသည် ဘသာဝ ဓါတ်ငွေ့မှ ထုတ်ယူနေကြောင်း ထိုင်းစွမ်းအင် ဝန်ကြိီး ဖွန်ဇက် ရာဒ်ထဖွန် ဖိုင်စျာန် အပြောအား ကိုးကား၍ ဘန်ကောက်ပိုစ့် သတင်းစာက ရေးသား ထားသည်။
ယခုကဲ့သို့ လျှပ်စစ်ဓါတ်အား ပြတ်လပ်မှုအား ကုစားရန် နိုင်ငံတွင်းရှိ ကျောက်မီးသွေးနှင့် ဒီဇယ် လောင်စာ များဖြင့် လျှပ်စစ် ဓါတ်အားထုတ် စက်ရုံများအား ပြန်လည် လည်ပတ်စေကာ အရန် လျှပ်စစ်အင်အား ရရှိရန် စီစဉ်ထားကြောင်းလည်း ထိုင်းစွမ်းအင် အရာရှိက ဆိုသည်။
“နိုင်ငံတွင်းမှာ ရှိတဲ့ ရာချ်ချဘူရီ ခရိုင်ထဲက စက်ရုံကို ကျောက်မီးသွေးနဲ့ ဒီဇယ် သုံးပြီး လည်ပတ် သွားဖို့နဲ့ အရန်လျှပ်စစ် ထုတ်ယူနိုင်ဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ် ထုတ်ယူတာလောက် ထိရောက်မှု ရှိဖို့တော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံ လျှပ်စစ် ပြတ်လပ်မှု ပြဿနာကို ကုစားနိုင်မယ်လို့လည်း အတိအကျတော့ အာမခံချက် ပေးနိုင်မှာ မဟုတ်သေးဘူး” ဟု ခွန်နရီန် က ပြောသည်။
ထို့ပြင် လျှပ်စစ် ပြတ်လပ်မှု စိန်ခေါ်ချက်ကို ကုစားနိုင်ရန်အတွက် ယခုမှစ၍ ပြည်သူများအနေနှင့် လိုအပ်သည့် လျှပ်စစ်ပမာဏကိုသာ သုံးစွဲရန်နှင့် လျှပ်စစ် အသုံးအဆောင် ပစ္စည်းများ တနေ့လျှင် တနာရီ ပိတ်ပေးခြင်းကို တနိုင်ငံလုံး လုပ်ဆောင်သွားခြင်းဖြင့် အရန် လျှပ်စစ်ပမာဏ လုံလောက်စွာ ရှိရေး လုပ်ဆောင်ကြရန် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝါဒ် က တိုက်တွန်း ပြောကြားကြောင်း ထိုင်းဘာသာထုတ် မတ္တိချွှန် သတင်း၌ ဖော်ပြထားသည်။
သို့သော်လည်း မြန်မာ့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ခေတ္တရပ်ဆိုင်းခြင်းသည် ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်
ပြတ်လပ်မှု ပြဿနာ ဖြစ်ပွားလာမည့်အထိ ကိုယ်စားပြုမည် မဟုတ်ကြောင်း ထိုင်းစွမ်းအင် ဝန်ကြီး ဖွန်ဇက် ရာဒ်ထဖွန် ဖိုင်စျာန် က ဘန်ကောက်ပိုစ့်ကို ပြောကြားထားသည်။