ALP ဂုဏ်ထူးဆောင် ဗဟိုကော်မီတီဝင် ခိုင်စံထွန်းအောင် ကွယ်လွန်

ALP ဂုဏ်ထူးဆောင် ဗဟိုကော်မီတီဝင် ခိုင်စံထွန်းအောင် ကွယ်လွန်
by -
နိရဥ္စရာ

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဂုဏ်ထူးဆောင် ဗဟိုကော်မီတီဝင် တဦးဖြစ်သူ ခိုင်စံထွန်း အောင် သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ ညနေ ၁၀း၃၀ နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

ခိုင်စံထွန်းအောင်သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ၄၈ ကီလိုမီတာဝေးကွာသော သူနေထိုင်ရာ အိမ်တွင် သွေးတိုး ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ခိုင်စံထွန်းအောင်သည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သာစည်ပြင်ကျေးရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သည်။

ခိုင်စံထွန်းအောင်သည်  သူနေထိုင်ရာ နေရာတွင် စာသင်ကျောင်းတကျောင်း တည်ထောင် ပြီး ကျောင်းအုပ် ဆရာကြီးအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့သည်။

သူသည် ALP ပါတီ၏ ဂုဏ်ထူးဆောင် ဗဟိုကော် မီတီဝင်အဖြစ်ဖြင့် ၂၀၁၂ ခုဧပြီလက အစိုးရနှင့် ALP ငြိမ်းချမ်းရေး ဆွေး နွေးခဲ့သော ခရီးစဉ်တွင် လိုက်ပါခဲ့သည်ဟု သိရသည်။

ခိုင်စံထွန်းအောင်သည် ရခိုင်အမျိုးသားရေးနှင့် ပတ်သက်ပြီး သင်္ကြန်ပွဲအပါအဝင် တခြားသော ပွဲလန်း သဘင် များတွင် တက်တက်ကြွကြွ ပါ၀င်လုပ်ကိုင်တတ်သူဖြစ်သည့်အပြင် ALP ပါတီတွင် လုပ်ကိုင်နေသော်လည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ အားလုံးသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်တတ်သူ ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ခိုုင်စံထွန်းအောင် ကွယ်လွန်သွားခြင်းသည် ALP ပါတီအတွက်ဆုံးရှုံးမှုမဟုတ်ဘဲရခိုင်တမျိုးသား လုံး အတွက် ဆုံးရှုံးမှုဖြစ်သည်ဟု ကိုခိုင်လင်းအောင်က ပြောသည်။

“ သူဟာ ငယ်စဉ်ကပင် မျိုးချစ်စိတ်ရှိသူ တစ်ယောက်ဖြစ်တယ်။ အမျိုးသားရေး နိုင်ငံရေးနဲ့  ပတ်သက်လို့ ပြည်ပ ကိုရောက်မှ လုပ်တာမဟုတ်ဘူး။ ရန်ကုန်မှာကတည်းကပင် စာပေရေးရာ၊ အမျိုးသားရေးရာ နဲ့ပတ်သက်လို့ လုပ်လာခဲ့တဲ့သူတဦးဖြစ်တယ်။ ALP မှာလည်း ၁၉၈၂ ခုနှစ်နောက်ပိုင်းမှာ ရခိုင်လူငယ် အဖွဲ့အစည်းတွေ ဖွဲ့ပြီး ဆက်တိုက် အမျိုးသားရေးအတွက် လုပ်ဆောင်လာတဲ့သူ ဖြစ်တယ်။ အဲဒီလို အတွေ့အကြံုရင့်ကျက်ပြီးတော့ အမြော် အမြင်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးသွား တာဟာ ALP ပါတီ အတွက် သာမဟုတ်ဘဲ ရခိုင်တမျိုးသားလုံးအတွက် ဆုံးရရှုံးမှုကြီး တရပ်ဖြစ်ပါတယ်” ဟု ဆိုသည်။

ခိုင်စံထွန်းအောင်သည် အမျိုးသားရေး၊ နိုင်ငံရေးတွင်သာမက စာပေရေးရာ၊ ယဉ်ကျေးမှုရေးရာများနှင့် ပက်သက်၍ ပြည်ထဲကပင် လုပ်ကိုင်ဆောင်ရွက်လာသူဖြစ်ပြီး ရခိုင်သဟာယ အသင်းတွင်လည်း ပါ၀င် လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု သိရသည်။

ခိုင်စံထွန်းအောင် ကွယ်လွန်အနစ္စရောက်ချိန်တွင် ဇနီး ဒေါ်ခင်သိန်းနှင့် သားသမီး သုံးယောက် ကျန်ရှိခဲ့ သည်ဟု သိရသည်။

Most read this week