အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ
by -
ကေအိုင်စီ

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ တွေ့ဆုံခဲ့သည့် ယင်းဆွေးနွေးပွဲတွင် UNFC မှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အခု UNFC အဖွဲ့တွေနဲ့ အစိုးရအကြား တွေ့ဆုံတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်သူ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အခါ ကျတော့ တော်တော်လေး အားရကျေနပ်မိ ပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

တွေ့ဆုံပွဲတွင် အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကဦးဆောင်ကာ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးလှမောင် ရွှေ၊ ဦးထွန်ထွန်ဦး စသည့် အဖွဲ့ဝင် (၁၁) ဦးနှင့် UNFC ဘက်မှ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံ သာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာတို့ ဦးဆောင်သည့် အဖွဲ့ဝင် (၁၂) ဦးပါ၀င်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု ယနေ့(ဖေဖော်ဝါရီလ ၂၀ရက်နေ့)ထုတ် ၎င်းတို့နှစ်ဖွဲ့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ပူးတွဲကြေညာချက်အရ ထိုတွေ့ဆုံမှုတွင် နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲအတွက် လိုအပ် သော မူဘောင်၊ အချိန်ဇယား၊ နေရာ၊ စောင့်ကြည့်ရေး သက်သေများထားရှိရေး၊ ကြိုတင်ညှိနှိုင်းခြင်း အစီအစဉ် ချမှတ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် အထွေထွေကိစ္စ စသည့် အချက် ၈ချက်အပေါ် နှစ်ဦးနှစ်ဘက် ရင်းရင်းနှီးနှီးပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြသည်ဟု ပါရှိသည်။

၎င်းအပြင် အကြိုပြင်ဆင်ရေးကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ် တလျှောက်တွင် UNFC အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပြည်တွင်းအပါအဝင် နိုင်ငံတကာမှ ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည် ဟုလည်း ပူးတွဲကြေညာချက်တွင် ထည့်သွင်းထားသည်။

မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ် တို့သည် နောက်လာမည့် နှစ်လအတွင်း ထပ်မံ၍ တွေ့ဆုံဆွေးနွေးနိုင်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်ဟုလည်း ထိုကြေညာချက်က ဆိုသည်။

UNFC အဖွဲ့သည် ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အမာခံအဖွဲ့များအဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ဖြစ်ကြသည်။

ထို့အပြင် ဆက်စပ်အဖွဲ့များအဖြစ် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ(NUPA)၊ (၀) အမျိုးသားအဖွဲ့ချုပ်(WNO)၊ ပအို၀့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)နှင့် ကချင်အမျိုးသားအဖွဲ့ (KNO) တို့ ပါ၀င်လျှက်ရှိသည်။

Most read this week