SSPP/SSA တပ်ရုပ်ပေးခြင်းမရှိက ထပ်တိုက်မည်ဟု အစိုးရတပ်ညွှန်ကြား

SSPP/SSA တပ်ရုပ်ပေးခြင်းမရှိက ထပ်တိုက်မည်ဟု အစိုးရတပ်ညွှန်ကြား
by -
သျှမ်းသံတော်ဆင့်

နှစ်ရက်အတွင်း အစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA  တို့အကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး သည့် နောက် တပ်စခန်းမဖယ်ပေးပါက ထပ်တိုက်မည်ဟု အစိုးရ တပ်မှ ထပ်မံ ညွှန်ကြားလာကြောင်း ရှေ့တန်း ရောက် SSPP/SSA တပ်မှူးတဦးကပြောပါသည်။

SSPP/SSA ရှေ့တန်းတပ်သားများ

“အခု တိုက်ဖို့ နှစ်ဘက်စလုံးအဆင်သင့်ဘဲ။ သူတို့လဲတက်မလာဘူး။ ကျနော်တို့လဲ ဖယ်မပေးနိုင်ဘူးလေ။ ဒါကျနော်တို့နယ်မြေပဲ။ ကျနော်တို့ဘက်က ဖယ်ပေးရတဲ့ပုံစံမျိုး အတင်းဘဲ ထပ်ပြောလာတယ်။ ဘယ်နေ့ဘယ်ရက်ဆိုတာတော့ မရှိဘူး။ ဒါပေမယ့် မဖယ်ပေးရင်တိုက်ယူမယ်ဆိုပဲ။ ထပ်တက်လာရင်လဲ ထပ်ပစ်ဖို့ဘဲရှိတယ်။ ဖယ်ဖို့ အစီအစဉ် တော့မရှိဘူး” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၁၉ ရက်မှ ကနေ့အထိ တန့်ယန်းမြို့ တောင်ဘက် နမ့်လောဝ်းကျေးရွာအုပ်စု နမ့်တောင်စိန်ရွာ အနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ လက်အောက်ခံ လွယ်လန်း တပ်စခန်းအား အစိုးရတပ်က အင်းအားသုံးတိုက်ခိုက်ခဲ့ကြောင်း၊ ၁၉ ရက် နှင့် ၂၀ ရက်အတွင်း သုံးကြိမ်တိုင် အစိုးရတပ်တက်တိုက်သော်လည်း လွယ်လန်းစခန်းအား မသိမ်းပိုက်နိုင်သေးကြောင်း၊ တပ်စခန်းမှ တပ်ရုပ် ပေးခြင်းမရှိပါက ထပ်တိုက်မည်ဟု အစိုးရဘက်က ကြားလူလွှတ်၍ အကြောင်းကြားခဲ့သော်လည်း ထပ်မံတိုက်ခိုက်ခြင်းမရှိသေးကြောင်း၊ သို့သော်အစိုးရတပ်က အင်အားဖြန့်ထားဆဲဖြစ်သော ကြောင့် SSPP/SSA အနေဖြင့် အဆင်သင့်ပြင်ထားရကြောင်း ပြောပါသည်။

“ငြိမ်းချမ်းရေးကို ဖေါက်ဖျက်တာ ကျနော်တို့မဟုတ်ဘူး။ ရန်ရှာ စတိုက်တာ အစိုးရတပ်ဘက်ကဘဲ။ အခုတိုက် ပွဲဖြစ် တာက သူတို့က တပ်ပြောင်းမယ်လို့ကျနော်တို့ဌာနချုပ်ကိုအကြောင်းကြားလာတယ်။ ဒါပေမယ့် ပြော တဲ့ အတိုင်းမဟုတ်ဘဲနဲ့ ကျနော်တို့စခန်းဘက်ကိုဦးတည်လာတာလေ။ ရှေ့ငြိမ်းချမ်းရေးခရီးစဉ်က ယုံကြည် လို့မရတော့ဘူးလေ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင်ပါဝင်သူတဦးကလည်း - အစိုးရတပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော် ပိုင်မြေ၏ တစ်စတုရန်းလက်မ မကျန် စိုးမိုးနိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး စီမံကိန်း ဆက်တိုက် လုပ် ဆောင်မည်ဖြစ်ကြောင်း၊ ယမန်နှစ် ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဌာနချုပ်မှ သတ်မှတ်ထားသောစခန်းမှအပ စခန်း သစ်ချခွင့်မပြု၊  ထို့အတူ ၀ ပြည်သွေးစည်းရေး တပ်မတော်ထိန်းချုပ် နေမြေနှင့် SSPP/SSA တို့ နယ်မြေခြင်းထိစပ်မှုမရှိအောင်  ပိုင်းခြားထားလိုခြင်းဖြစ်ကြောင်း၊ ဝ ပြည်သွေး စည်းညီညွှတ်ရေးတပ်မတော်အား အချိန်မရွေးတိုက်ခိုက်နိုင်ရန် စီမံကိန်းကြိုချထားခြင်းလည်း ဖြစ်ကြောင်း - ပြောပါသည်။

Most read this week