မိခင်ဘာသာစကားနေ့ အထိမ်းအမှတ် ရခိုင်ဝေါဟာရ ပြိုင်ပွဲ တက္ကသိုလ်ကျောင်းသူ မပန်းအိဝေ ပထဆုရ

မိခင်ဘာသာစကားနေ့ အထိမ်းအမှတ် ရခိုင်ဝေါဟာရ ပြိုင်ပွဲ တက္ကသိုလ်ကျောင်းသူ မပန်းအိဝေ ပထဆုရ
by -
နိရဥ္စရာ

၀ံလက် ဖေါင်ဒေရှင်းက ယနေ့ကျင်းပ ပြုလုပ်သော မိခင် ဘာသာ စကားနေ့ အခမ်းအနားတွင် ရခိုင်ဘာသာ စကား ဝေါဟာရ ပြိုင်ပွဲ ပထမဆုရသူ တက္ကသိုလ် ကျောင်းသူ မပန်းအိဝေ အပါအဝင် ဆုရ ကျောင်းသူ ကျောင်းသား ၅ ဦးအား ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်ဟု သတင်း ရရှိသည်။

မိခင်ဘာသာ စကားနေ့ကို ဘင်္ဂလာဒေချ့် ပန်းများဖြင့် ပုံဖေါ်လေ့ရှိသည်။

“ နိုင်ငံတကာ မိခင်ဘာသာ စကားနေ့ နဲ့ ဆုပေးပွဲ အခမ်းအနားကို စစ်တွေမြို့ ၀ံလက် ဖေါင်ဒေရှင်း ရုံးခန်းမမှာ နံနက် ၈ နာရီကနေ ၉ နာရီ ၄၅ မိနစ်ထိ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး ဆုရ ကျောင်းသူ ကျောင်းသား ၅ ဦးကို ဆုတွေ အသီးသီး ချီးမြှင့်ခဲ့ပါတယ်” ဟု ၀ံလက် ဖေါင်ဒေရှင်း ဒါရိုက်တာ အဖွဲ့ဝင် ဦးထွန်းမြင့်သိန်းက ပြောသည်။

ဆုရ ကျောင်းသူ ကျောင်းသား ၅ ဦးမှာ တက္ကသိုလ် ကျောင်းသူ မပန်းအိဝေ ပထမ၊ ဆယ်တန်းကျောင်းသား မောင်မောင်ထွန်းနိုင် က ဒုတိယ၊  တက္ကသိုလ် ကျောင်းသူ မမြတ်အေးကို တတိယ၊ ဆယ်တန်းကျောင်းသား မောင်အေးဝင်း အထူးဆုနှင့် တက္ကသိုလ် ကျောင်းသား မောင်ဇော်မင်းနိုင် အထူးဆုတို့ ဖြစ်ကြသည်။

မိခင် ဘာသာစကားနေ့ကို ယခုနှစ်တွင်  ရည်ရွယ်ချက် အများကြီးဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း ဦးထွန်းမြှင့်သိန်းက ဆိုသည်။

“ ရည်ရွယ်ချက်တွေ အများကြီး ရှိပါတယ် ။ အဲဒီ အထဲမှာ ရခိုင်ဘာသာ စကားကို ရခိုင်အမျိုးသားတွေက  တန်ဖိုးထားလာအောင်၊ ရခိုင်ဘာသာ စကားကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်တယ်ဆိုတာ  မျိုးဆက်သစ် လူငယ်တွေ သတိရအောင်၊ မိခင် ဘာသာ စကားနေ့ကို ကျင်းပရတဲ့ နောက်တစ်ချက်က ကမ္ဘာမှာ အင်အားနည်းတဲ့ Minority လူမျိုးစုတွေရဲ့ ဘာသာစကားတွေဟာ  ပျောက်ကွယ်မယ့် အန္တရာယ် ရှိနေတဲ့ အတွက် ဒါကို သတိထားမိအောင် ရည်ရွယ်ပြီး ကျင်းပရတာ ဖြစ်ပါတယ်။ ဒီနေ့ဟာ ရခိုင်အမျိုးသားတွေ အတွက် အရေးကြီးတယ်လို့ ယူဆတဲ့ အတွက် ကျင်းပရတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ မိခင် ဘာသာ စကားနေ့ကို ကျင်းပခြင်းဖြင့် အမျိုး ဘာသာ သာသနာ အတွက် တစ်စုံတစ်ရာ အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ပြောဆိုသည်။

“ ဒီအခမ်းအနားက အများကြီး တာသွားပါတယ်။ အစတုန်းက ရခိုင်ဘာသာစကားကို တန်ဖိုးထားရကောင်း မှန်း  မသိတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကြားထဲမှာတောင် စကားအသုံးအနုန်းတွေ တဖြည်းဖြည််းနဲ့ ပျောက်ကွယ်လာနေပါတယ်။ ခြံုတဲ့ ပုဆိုးကို စောင်လို့ ခေါ်တာတွေ၊ အဲသလို အသုံးအနုန်း တွေဟာ တဖြည်းဖြည််းနဲ့ ပျောက်ကွယ်စ ပြုလာပါပြီ။ အခု ရခိုင်ဘာသာ စကားစစ်စစ်ကို ပြောတာဟာ ၅၀ ရာခိုင်နုန်းဘဲ ကျန်ပါတော့တယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်ဘာသာစကားကို တန်ဖိုး အသိစိတ် ၀င်လာ နိုင်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေကို ကိုယ့်ဘာသာစကားကို တန်ဖိုးတက်အောင် ရည်ရွယ်ပါတယ်” ဟု ဆိုသည်။

မိခင်ဘာသာစကားသည့် လူမျိုးတိုင်း  လူမျိုးတိုင်း အတွက် အရေးကြီးသဖြင့် ဘင်္ဂလာဒေချ့် နိုင်ငံ လွတ်လပ်ရေး တိုက်ပွဲကို စတင် သန္ဓေတည်ခဲ့ရာ မိခင်ဘာသာစကားကို ရုံသုံးဘာသာစကား အဖြစ် အသုံးပြုခွင့် ရရေး အတွက်  တိုက်ပွဲဝင်ခဲ့သော ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂမှ မိခင်ဘာသာ စကားနေ့ အဖြစ် အသိအမှတ်ပြုထားသည်။

ဘင်္ဂလာဒေချ့်နို်င်ငံသည် ပါကိစ္စတန် လက်အောက်တွင် ရှိစဉ် ဘင်္ဂလီ စကားကို ရုံးသုံး စကားအဖြစ် အသုံးပြုခွင့် မရခဲ့သဖြင့် ပညာတတ် အများအပြားက သူတို့ နေထိုင်ရာ (ယခင်က အရှေ့ပါကိစ္စတန်) နယ်မြေတွင် အသုံးပြုခွင့်ရရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ရာ ပါကိစ္စတန် စစ်တပ်မှ ရက်ရက်စက်စက် သတ််ဖြတ် ချေမူန်းနှိမ်နှင််းခဲ့သည်။

သို့အတွက် ပညာတတ်် အမြောက်အမြားလည်း သွေးမြေကျခဲ့ကြရသည်။

၎င်းနောက်ပိုင်းတွင် ဘင်္ဂလီ  အမျိုးသားများမှာ နိုင်ငံရေးအရ အထူး နိုးကြားတက်ကြွလာခဲ့ပြီး  ပါကိစ္စတန် အစိုးရအား တော်လှန် တိုက်ပွဲဝင်ခဲ့ရာမှ နောက်ဆုံးတွင် လွတ်လပ်ရေး ရရှိခဲ့သည်။

ဘင်္ဂလာဒေချ့်နိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘင်္ဂလီ ပညာတတ်များ တိုက်ပွဲဝင်ခဲ့သော ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို ဘင်္ဂလာဒေချ့်၏ မိခင်ဘာသာစကားနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂတွင် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို မိခင်ဘာသာစကားနေ့ အဖြစ် သတ်မှတ်ရန် ဆက်လက် တောင်းဆိုခဲ့ရာ ၂၀၀၀ ခုနှစ်တွင် ကုလသမဂ္ဂမှ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို မိခင်ဘာသာစကားနေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။

Most read this week