ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN၊ US ကဲ့သို့နိုင်ငံကြီးများပါဝင်သင့်

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN၊ US ကဲ့သို့နိုင်ငံကြီးများပါဝင်သင့်
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN ၊ US ကဲ့သို့သော နိုင်ငံကြီးများမှလည်း ပါဝင်စေလိုကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ပြုလုပ်ခဲ့သော UNFC နှင့်အစိုးရတို့ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံပွဲတွင် ဆွေးနွေး ခဲ့သည်ဟု  UNFC ၏ဆွေးနွေး ရေးကော်မတီဝင်တဦးကပြောပါသည်။

UNFC နှင့် မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များစုပေါင်းအမှတ်တရဓါတ်ပုံ (Photo- Hla Maung Shwe facebook)

“ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အတွက် Frame Work ရယ် Peace Roadmap ၆ ချက်ရယ် အဓိက ထားဆွေး နွေးခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက် UN ၊ UK ၊ US ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကိုလဲ ပါဝင်စေချင်တယ် အစရှိသဖြင့်ဆွေးနွေးခဲ့ကြပါတယ်။  ပင်လုံကဲ့သို့သော ညီလာခံနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်က ပွင့်ပွင့်လင်းလင်း အကျယ်တဝင့် မဆွေးနွေးခဲ့ပါဘူး” - ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ နှင့် တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဟောလီးဒေးအင်း၌ ဖေဖော်ဝါရီလ ၂၀ ရက်မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။  

ယမန်နေ့ဆွေးနွေးပွဲ၌ သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပေ။ သို့သော် ၂ လအကြာ ထပ်မံဆွေးနွေးရန် နှစ်ဘက် သဘောတူခဲ့ကြသည်ဟုဆို၏။

သို့သော်ဆွေးနွေးမှုအပြီး ညနေပိုင်း၌ သတင်းစာရှင်းလင်းပွဲတရပ်ကိုပါပြုလုပ်ခဲ့ပြီး ပူးတွဲကြေငြာချက်ကိုပါ ထုတ်ပြန်နိုင်ခဲ့ သည်။

အကျေအလည်ဆွေးနွေးခဲ့ရသည့်အချက်အချို့မှာ-

-ပူးတွဲကြေငြာချက်ထုတ်ပြန်ရန်အတွက် ဆွေးနွေးရေးခေါင်းစဉ်များကို အစိုးရဘက်မှ မထည့်စေချင်သဖြင့် နာရီဝက်ကြာ အချိန်ယူဆွေးနွေးခဲ့ရပြီး နောက်ဆုံး နေပြည်တော်ဘက်မှ ထည့်သွင်းရန်သဘောတူသည် ဟုဆို၏။
- ထပ်မံဆွေးနွေးမည့်နေရာအား UNFC ဘက်မှမြန်မာနိုင်ငံမဟုတ်သော ပြည်ပ တနိုင်ငံတွင် ဥပမာ ဂျပန်နိုင်ငံတွင်ဟုဆိုရာ အစိုးရဘက်ကမူ မြန်မာငြိမ်းချမ်းရေးစင်တာတွင်သာပြုလုပ်စေလိုသည်ဟုဆို၏။ နောက်ဆုံး ထိုင်းနိုင်ငံအတွင်း၌သာ ထပ်မံပြုလုပ်ရန် သဘောတူခဲ့ကြ၏။
-ငြိမ်းချမ်းရေးစောင့်ကြည့်ရန် UN ၊ UK ၊ US ၊ ထိုင်း၊ တရုတ်၊ ဂျပန်တို့လည်းပါဝင်ကြောင်း ဆွေးနွေးရာတွင် လည်း သဘောတူညီမှုမရရှိနိုင်ကြသေးပေ။

ယခုတကြိမ်ဆွေးနွေးမှုအား ဂျပန်နိုင်ငံ မစ္စတာ ယိုဟေးအိ ဆာဆာကာဝါ ဦးဆောင်သော နိပွန်ဖောင်ဒေးရှင်းက ကမကထ ပြုသည်။

၂၀၁၂ ဂျွန်လက ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကိုနိုဒါမှ ယိုဟေးအိ ဆာဆာကာဝါ အား မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝဖူလုံရေးအတွက်ကူညီဆောင်ရွက်ပေးရန်သံတမန်အဖြစ်တင်မြှောက် ထားသည်။

ထို့အပြင် UNFC နှင့် အစိုးရတို့ မတွေ့ဆုံမီ ၁ ရက်အလိုဖြစ်သော ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ဂျပန်နိုင်ငံ ဝန်ကြီး ချုပ်သစ် ရှင်းဇိုးအားဘေး က လည်း ယိုဟေးအိ ဆာဆာကာဝါ အား မြန်မာနိုင်ငံ၏ အမျိုးသားရင် ကြား စေ့ရေး အတွက် ဂျပန်နိုင်ငံအစိုးရ၏ အထူးသံတမန်အဖြစ် ထပ်မံအပ်နှင်းခဲ့သေးသည်ဟုလည်း သိရပါသည်။

Most read this week