ဘင်္ဂလာဒေချ့် မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ ဘဝနတ်ထံ ပျံလွန်တော်မူ

ဘင်္ဂလာဒေချ့် မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ ဘဝနတ်ထံ ပျံလွန်တော်မူ
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ်နိုင်ငံ နတ်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော မြစ်နားရွာခေါ် သော်တလီပါရာ ကျေးရွာတွင် သီတင်း သုံးနေသည့် သက်တော် ၀ါတော်ကြီး ဆရာတော် ဦးပဏ္ဍိသည် ယနေ့နံနက်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား ခဲ့ကြောင်း သတင်း ရရှိသည်။

ဆရာတော်ကြီး ဦးပဏ္ဍိမှာ ယနေ့အာရုံတက်အချိန် နံနက် ၄ နာရီ ၂၀ မိနစ်တွင် မိမိ သီတင်းသုံးရာ မြစ်နားရွာ အသောကာရုံ ကျောင်းတိုက်တွင် သက်ကြီးရောဂါဖြင့် ပျံလွန်တော်မူ ခြင်းဖြစ်ကြောင်း တပည့်တကာများမှ နိရဥ္စရာသို့ ပြောကြားသည်။

ဘင်္ဂလာဒေချ့် မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ ဘဝနတ်ထံ ပျံလွန်တော်မူ

ပျံလွန်တော်မူသည့်အချိန်တွင် ဆရာတော်ကြီးမှာ သက်တော် ၈၆ နှစ် ၀ါတော် ၆၆ ၀ါ ရှိပြီ ဖြစ်သည်။

ဆရာတော် ဦးပဏ္ဍိကို သက္ကရာဇ် ၁၂၈၈ ခုနှစ် တန်းဆောင်မုန်းလဆုတ် ၁၃ ရက် ကြာသားပတေး နေ့တွင် ရခိုင်ပြည် နယ် မောင်တောမြို့နယ် နံသာတောင်ကျေးရွာမှ မြေရှင် အဖဦး မြထွန်းကျော်၊ မိခင်ဒေါ် ထာရီမေတို့မှ မွေးဖွား ခဲ့ ပြီး မွေးချင်း ၄ ဦးရှိကြောင်း သိရသည်။

ဆရာတော်သည် ဘင်္ဂလာဒေ့ချ်နိုင်ငံ မြစ်နားရွာသို့ ၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကုလား-ရခိုင် အဓိကရုဏ်း နောက်ပိုင်း  ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။

၁၉၄၅ ခုနှစ်တွင် မြစ်နားရွာမှ ဒေါ်ပန်းသန္တာနှင့် ဦးစံထွန်းအောင် မြေရှင်တို့မှ ပစ္စည်းလေးပါး ဒါယိကာဖြင့် ရဟန်းအဖြစ်ကို ခံတော်မူခဲ့သည်။

ဆရာတော် ပညာသင်ကြားခဲ့သည့်နေရာများမှာ ၁၉၄၆ ခုမှ ၄၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဗာရာဏသီ တွင်၎င်း၊ ၁၉၄၇-၁၉၅၈ ခုနှစ်ထိ မြန်မာနိုင်ငံ ရန်ကုန်တွင်၎င်း၊ ၁၉၅၈ မှ ၁၉၆၄ ခုနှစ်အထိ သီရိလင်္ကာ နိုင်ငံတွင်၎င်း ဗုဒ္ဓ စာပေ ကျမ်းဂန် များကို လေ့လာဆည်းပူးခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်တို့တွင် ပညာသင်ကြား ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး သက်တော်ထင်ရှား ရှိသည့်အချိန်တွင် ကမ္ဘာ့သံဃာ့ကောင်စီ အဖွဲ့ဝင်အဖြစ်၎င်း၊ ၁၉၅၃-၅၄ ခုနှစ်တွင် ရခိုင် သောတုဇနအဖွဲ့ အတွင်းရေးမှူး၊ ၁၉၆၅ ခုနှစ်တွင် နတ်မြစ် ဗုဒ္ဓဘာသာအသင်းဥက္ကဌ အဖြစ်၎င်း၊ ၁၉၆၅-၉၆ ခုနှစ်တွင် ဒက္ကား ဗုဒ္ဓဘာသာအသင်း ဥက္ကဌအဖြစ်၎င်း၊ ၁၉၇၉ မှ ၂၀၀၀ ခုနှစ်အထိ  ဘင်္ဂလား ဒေ့ချ်နိုင်ငံ ရခိုင်-မာရမာ သံဃာ့ ကောင်စီဥက္ကဌ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

ယခုအခါ ဆရာတော်ကြီး၏  စျာပနပွဲ မည်သည့်နေ့ရက်တွင် ကျင်းပမည်ကို တကာ တကာမများနှင့်  ဆွေမျိုးမိသားစုဝင် များက များမကြာမှီ ထုတ်ပြန် ကျေညာမည်ဟု သိရသည်။

Most read this week