စီစဉ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ အစိုးရ တို့အကြား နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရေး အတွက် ပထမဆုံး တရားဝင် အကြို ညှိနှိုင်း ဆွေးနွေး ပွဲ တစ်ရပ်ကို ယနေ့ (ဖော်ဖော်ဝါရီ ၂၀) ရက်နေ့ နံနက် (၉) နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ Holiday Inn ဟိုတယ်၌ ပြုလုပ်လျက် ရှိသည်။
ယခု ဆွေးနွေး ပွဲသည် ကချင် စစ်ပွဲ၏ အဆုံးအဖြတ် တစ်ရပ် အဖြစ် ၄င်းနှင့် တိုင်းရင်းသား တန်းတူရေး နိုင်ငံရေး အခန်းကဏ္ဍ အတွက် တစ်စုံ တစ်ရာ လမ်းစ ဖော်ဆောင် ပေးနိုင်မည့် အခြေ အနေ၌ ရှိသဖြင့် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး တက်ကြွှ သူများနှင့် သတင်း မီဒီယာ များမှလည်း စိတ်ဝင် တစား စောင့်ကြည့် နေလျက် ရှိကြသည်။
ယခင် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြစဉ် များ၌ မြန်မာ အစိုးရဘက်က ကိုယ်စားလှယ် အနည်းငယ် ခန့်နှင့်သာ ကိုယ်စားပြု ဆွေးနွေး စေခဲ့ပြီး ယခုအပတ် ဆွေးနွေးပွဲ တွင်မူ အကြီးတန်း ပြည်ထောင်စု ဝန်ကြီး များအပြင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ် အများ အပြား တက်ရောက် ဆွေးနွေး ကြသည်ကို ထူးဆန်းစွာ တွေ့ရ ပါသည်။
မြန်မာ အစိုးရ ဘက်မှ ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဝန်ကြီ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးကျော်စိုးလှိုင်၊ ဦးကျော်ရင်လှိုင်၊ ဦးမင်းဇော်ဦး၊ ဦးသီဟန်၊ ဦးညိုအုန်းမြင့်နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၁၇) ဦးခန့် တက်ရောက် ကြကြောင်း UNFC သတင်း ရပ်ကွက် များက ဆိုပါသည်။
[ ]
ဆွေးနွေးပွဲ အကြောင်းအရာ များအနေဖြင့် နှစ်ဖက် အကြား လျာထားသည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အတွက် မူဘောင် ချမှတ် နိုင်ရေးနှင့် ကချင် စစ်ပွဲ အကြောင်း အဓိကထား ဆွေးနွေး ကြမည်ဟုလည်း စုံစမ်း သိရှိ ရပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ဘက်မှမူ ယခင် ဖွဲ့စည်း ထားရှိ ခဲ့သည့် တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (၉) ဦးအား ပြန်လည် တိုးချဲ့ ဖွဲ့စည်းကာ အတွင်း ရေးမှူး ဖြစ်သူ နိုင်ဟံသာမှ အဖွဲ့ ခေါင်းဆောင် အဖြစ်နှင့် ဒေါက်တာ လဂျာမှ ဒုအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် (၁၂) ဦး အထိပါ ကိုယ်စားလှယ် အဖွဲ့တို့ ဖြင့် တက်ရောက် ဆွေးနွေး ခဲ့ကြသည် ဟုလည်း သတင်းရရှိ ပါသည်။
ထို့ပြင် ဆွေးနွေး ပွဲဖြစ်မြောက် ရေးအတွက်လည်း ထိုင်းအစိုးရ နှင့် ဂျပန် နိုင်ငံမှ လူသားခြင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့ အစည်းကြီး တစ်ခု ဖြစ်သည့် နိပွန် ဖောင်ဒေးရှင်းမှ လည်း ဝိုင်းဝန်း၍ ကမကထ ပြုလုပ် ပေးကြသည်ဟု သိရှိရသည်။
UNFC ဆွေးနွေး ပွဲတွင် ပါဝင်ကာ ကြားနေ အဖွဲ့ အဖြစ် တက်ရောက် နိုင်ရေး အတွက်လည်း နိပွန် ဖောင်ဒေးရှင်းမှ အစောပိုင်း ကတည်း ကပင် သဘောထား ပေးထားလျက် ရှိပြီး UNFC ဘက်မှလည်း ပါဝင် တက်ရောက် ရေးအတွက် လိုလားလျက် ရှိခဲ့သည်။ ယခု ကဲ့သို့ ပါဝင် တက်ရောက် နိုင်ရေး အတွက် ကိုလည်း မြန်မာ အစိုးရနှင့် အသိပေး ပြောကြား ထားပြီး ဖြစ်သည်ဟုလည်း စုံစမ်း သိရှိ ရပါသည်။
ဆွေးနွေးပွဲကို ယနေ့ တစ်ရက် တာလုံး ညနေပိုင်း အထိ အကြေ အလည် ဆွေးနွေး ကြရန် လျာထား ကြပြီး ပြီးပြတ်မှု ရှိမရှိ ကိုမူ စောင့်ကြည့် ရဦးမည် ဟုလည်း UNFC သတင်း ရပ်ကွက် များမှ ခန့်မှန်း ထားကြသည်။