၁၁ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မ ပြုကျင့်ဟု စွပ်စွဲခံရသူအား ရုံးတင် စစ်ဆေးတော့မည်

၁၁ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မ ပြုကျင့်ဟု စွပ်စွဲခံရသူအား ရုံးတင် စစ်ဆေးတော့မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့နယ် စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်နေတဲ့ ဆောက်လုပ်ရေး အလုပ်သမားတဦးက ၁၁ နှစ်အရွယ်ရှိအမျိုးသမီးငယ်ကို တောထဲသို့ခေါ်ဆောင်သွားပြီး အတင်းအဓမ္မပြု ကျင့်မှုဖြင့် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ မုဒိမ်းမှုဖြင့် တရားရုံးတင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဖရူဆိုမြို့ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်နိုင်က ပြောပါတယ်။

အမျိုးသမီးငယ်လေးကို ဆေးရုံမှ ဆရာဝန်ဆေးစစ်ချက်အဖြေအရ အမျိုးသမီးငယ်လေးမှာ ကာမစပ်ယှက် ထားတဲ့ လက္ခဏာတွေတွေ့ရသဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အသက် ၂၁ အရွယ်ရှိ၎င်းဆောက်လုပ် ရေး အလုပ်သမား ကြယ်စင်မောင်ကို လွိုင်ကော်ခရိုင်တရားရုံးတွင် တရားစွဲမည်ဖြစ်ကြောင်း ပြောပါတယ်။

ရဲစခန်းမှူး ရဲအုပ်မြင့်နိုင်က “ ဥပဒေအကြံပြုချက်တောင်းပြီးပြီ ဥပဒေအကြံပြုချက်က မနေ့ကပြန်ရပြီ။ ခရိုင်မှာ တရားစွဲရမယ်။ မုဒိမ်းမှုဖြစ်တဲ့အတွက်လေ ခရိုင်ဥပဒေအရာရှိမှ ခရိုင်ရုံးမှာပေါ့နော။ အသက်မပြည့် သေးတဲ့ ကလေးတယောက်ကို မတရားအနိုင်ကျင့်စော်ကားတာဆိုတော့ ငါတို့ ရဲတပ်ဖွဲ့ကလည်း ဘယ်လိုမှ စောင့်မကြည့်နိုင်ဘူးလေ။ အမြင့်ဆုံးပြစ်ဒဏ်ရအောင် ငါ့ဖက်ကလည်း ရဲလုပ်ငန်းတွေ စုံအောင်တော့ လုပ်ထားတယ်။ စုံအောင်လုပ်ပြီးတော့ တရားစွဲတင်မယ်။ ပြစ်ဒဏ်ရတဲ့ထိကိုငါတို့ တရာစွဲတင်ထား တဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီအထိ ကလေးမလေးမှာ အိမ်ပြန်မရောက်၍ မိဘများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများက စိတ်ပူသဖြင့် ညလုံးပေါက်လိုက်ရှာခဲ့ကြရာ မတွေ့ကြသဖြင့် ၂၅ ရက်နေ့ မနက်တွင် မိသားစုများက အမှတ် (၁၄) တပ်လေ့ကျင့်ရေးကျောင်းဝင်း အတွင်းသွားရှာခဲ့ရာမှ အလုပ်သမားတဦးကလည်း ပျောက်နေကြောင်း လောဂျာရွာမှ  ဆရာဦးသဲရယ်က ပြောပါတယ်။

“တပ်ထဲကို သွားပြီးတော့မှ စုံစမ်းကြည့်တော့ အလုပ်သမားတယောက် တကယ်ပျောက်နေတယ်ဆိုတဲ့ သတင်းကြားတဲ့ အခါကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်လိုက်ရှာတယ်။ အလုပ်သမားကိုတွေ့တယ် သူက ကလေးမကို ကြိုးဖြေထား ခဲ့တာကိုတွေ့ပြီး သူက ပြန်သွားဖို့ ကားသွားစောင့်နေတာကို မြင်လိုက်ရတယ်။ သူနေတဲ့နေရပ်ဇာတိကို ပြန်ဖို့ လမ်းဘေးမှာစောင့်နေခဲ့တာ” လို့ ဆရာဦးသဲရယ်က ပြောပါတယ်။

ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၁ အရွယ်ရှိ အ.မ.က ကျောင်းတွင်ပညာသင်ကြားနေတဲ့ တတိယတန်းကျောင်းသူမလေး မော်ဘူးဘူးမြာ (နာမည်အရင်းမဟုတ်) ဟာ ဇန်နဝါရီလ ၂၄ရက်နေ့ ညနေစောင်း စာကျက်ဝိုင်းသို့ သွားချိန် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးမှ ပန်ရံအလုပ်သမား ကြယ်စင်မောင်ဆိုသူက တောထဲသို့ တည အတင်းအဓမ္မ ဆွဲခေါ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။