ချင်းပြည် လျှပ်စစ်မီးနှင့် ကားလမ်း ကောင်းအောင် ဆောင်ရွက်ပေးမည်ဟု သမ္မတပြော

ချင်းပြည် လျှပ်စစ်မီးနှင့် ကားလမ်း ကောင်းအောင် ဆောင်ရွက်ပေးမည်ဟု သမ္မတပြော
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၏ အဓိကလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး နှင့် သောက်သုံးရေ ဖူလုံစွာရရှိ နိုင်ရေးတို့ကို အစိုးရအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ချင်းပြည်နယ်ကို ရောက်ရှိလာစဉ်တွင် ပြောဆိုခဲ့သည်။

ယခုလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့ပြည်နယ်အစိုးရရုံးတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြိုဖများနှင့်တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ပြောဆို လိုက်ခြင်းဖြစ်သည်ဟုတွေ့ဆုံပွဲ တွင် တက်ရောက်ခဲ့သော ဟားခါးမြို့မိမြို့ဖ ဦးရွှေထီးအိုးကပြောသည်။

“ ကျနော်တို့ အတောင့်တဆုံးဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးကိုလည်း ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ခင်ဗျား၊ ရေရရှိ ရေးလည်းဆောင်ရွက်ပေးမယ်လို့ပြောပါတယ်ခင်ဗျား၊ နောက်ပြီးချင်းပြည်နယ်မှာအလိုအပ်ဆုံးဖြစ်တဲ့ ကားလမ်းလည်း ကောင်းအောင်လုပ်ပေးမယ်လို့ပြောပါတယ်ခင်ဗျား’’ ဟု သူကပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရအရာရှိအချိူ့တို့သည် ယခုလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှတဆင့် ရဟတ်ယဉ်ဖြင့် ချင်းပြည်နယ် တီးတိန်မြို့ ၊ ဖလမ်းမြို့ နှင့် ပြည်နယ်မြို့တော်ဟားခါးမြို့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့နံနက်ပိုင်း ၁၀ နာရီကနေ ၁ နာရီအထိ ပြည်နယ်တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲတွင် ဟားခါးဒေသခံများမှ သမ္မတထံ တင်ပြရန် ဆုံးဖြတ်ထား ကြသော အချက် ၃ ချက်ကို အချိန် မလောက်ငှမှုကြောင့် တင်ပြဆွေးနွေးခွင့်မရခဲ့ကြောင်းဦးရွှေထီးအိုး ကပြောသည်။

သို့သော်လည်း ယင်းအချက် ၃ ချက်အား အသေးစိတ်တွက်ချက်ရေးသားထားသော စာရွက်စာတန်းကိုမူ နိုင်ငံတော် သမ္မတထံ ပေးပို့နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတက တီးတိန်လူထုမှ တင်ပြတောင်းဆိုထားသော ဘလ်တာန်ရေအားလျှပ်စစ် စီမံကိန်းကို လည်း အကောင်ထည်ဖော်ပေးမည်ဟု ပြောဆိုခဲ့ပြီး၊ ဖလမ်းလူထုမှတောင်းဆိုထားသော ယခင်က ရှိခဲ့ဘူးသည့် စိုက်ပျိူးရေးအထက်တန်းကျောင်းကို စိုက်ပျိူးရေးသိပ္ပံကျောင်းအဖြစ် အသစ်ပြန်လည်ဖွင့် လှစ်ပေး သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ကတိပေးပြောဆိုခဲ့ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီတွင် ဟားခါးမှ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့သို့ ဆက်လက်ထွက်ခါွသွားပြီး ပခုက္ကူဘက်ကတဆင့် နေပြည်တော်ကို ပြန်လှည့်သွားမည်ဟုသိရသည်။

Most read this week