အမေရိကန်တွင် ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး ဆွေးနွေးမည်

အမေရိကန်တွင် ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး ဆွေးနွေးမည်
by -
နိရဥ္စရာ

အမေရိကန် နိုင်ငံလုံးဆိုင်ရာ ရခိုင်အမျိုးသား ညီလာခံတစ်ခု ကျင်းပနိုင်ရေး အတွက် အကြို (ပဏာမ) ဆွေးနွေးပွဲ တစ်ခုကို ဖေဖေါ် ၀ါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။

အကြိုဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ IOWA ပြည်နယ် Des Moines မြို့ရှိ American Legion ခန်းမ ၌ ကျင်းပသွားမည်ဖြစ်သည်ဟု ဦးဆောင် လူပ်ရှားနေသူ တစ်ဦးဖြစ်သည့် ကိုခိုင်မင်းက နိရဥ္စရာသို့  ပြောသည်။

“ ကျွန်တော်တို့ လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ အမေရိကန်နိုင်ငံ IOWA ပြည်နယ် Des Moines မြို့မှာ အမေရိကန်မှာ ရောက်ရှိနေတဲ့ ရခိုင် အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ၊ ပြည်နယ် အသီးသီးက ရခိုင် ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး  ညီလာခံ ကျင်းပနိုင်ရေး အတွက်  ပဏာမ အနေနဲ့ ညှိနှိုင်း ဆွေးနွေး တစ်ခု လုပ်သွားဖို့ စီစဉ်နေပါတယ်။”

ပဏာမ ဆွေးနွေးပွဲ လုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကိုခိုင်မင်းက ယခုလို ဆက်ပြောသည်။

“ ရခိုင် အရေးမှာ အမေရိကန်ရောက် ရခိုင်အမျိုးသားတွေ  ဘယ်လို အခန်းကဏ္ဍက ပါ၀င်နိုင်မလဲ ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေး အဖြေရှာမယ်ဆိုရင် အမေရိကန် နိုင်ငံလုံးဆိုင်ရာ ရခိုင်ကွန်ဖရင့် (ညီလာခံ) တစ်ခု ပြုလုပ်ဖို့ လိုတယ်။ အဲဒီ ကွန်ဖရင့််ကို ကျင်းပ ပြုလုပ်ခြင်း အားဖြင့် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ထွက်လာမယ်။ ဒီတော့ ဒီကွန်ဖရင့်ကို ဘယ်လို ပုံစံနဲ့ ကျင်းပမယ်။ ရံပုံငွေ ဘယ်လိုရှာဖွေမယ်။ ဘယ်သူတွေကို ဖိတ်ပြီး၊  ဘယ်နေ့မှာ ကျင်းပမယ်- စသဖြင့် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး နိုင်အောင် ရည်ရွယ် ပြီးတော့ ပဏာမ ဆွေးနွေးကို လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမေရိကန်ရောက် ရခိုင်အမျိုးသားများ  အနေဖြင့် ညီလာခံ တစ်ခု ကျင်းပနိုင်ခြင်းဖြင့် ရခိုင်အမျိုးသားများ အကြားတွင် ညီညွှတ်မူများ ရရှိလာစေမည်သာမက ရခိုင်လူထုသို့ အကူအညီများကိုလည်း ထိရောက်စွာ ပေးအပ် သွားနိုင်မည် ဖြစ်ကြောင်း သူက ဆိုသည်။

“ အခု လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင် အမျိုးသားတွေရဲ့ ကြံုတွေ့နေရတဲ့ အကျပ်အတည်း အခက်အခဲတွေကို အမေရိကန်မှာ ရှိတဲ့ ရခိုင်သူ ရခိုင်သားတွေက  လူပုဂ္ဂိုလ် တစ်ဦးချင်း အလိုက်ရော၊ အဖွဲ့အစည်း အလိုက်ရော၊  ရောက်ရှိ နေထိုင်နေကြတဲ့ ပြည်နယ်တွေ အလိုက်ရော နည်းမျိုးစုံနဲ့ ကူညီ ဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ အကူအညီမျိုးတွေ မပေးနိုင်ဘဲ ဖြစ်နေကြပါတယ်။  အဲဒါ ကြောင့် ကျွန်တော်တို့  အနေနဲ့ အမေရိကန် တနိုင်လုံးမှာ ရှိတဲ့ ရခိုင်အမျိုးသားတွေရဲ့ စုစည်းမူ အားကို ယူပြီး အမေရိကန် နိုင်ငံလုံး ဆိုင်ရာ ကျစ်လစ် ခိုင်မာတဲ့ ရခိုင်လူ့အဖွဲ့အစည်းတခု ဖွဲ့သွားပါမယ်။ ဒါမှသာ အဘက်ဘက်ကနေ ရခိုင်အရေးကို ပိုမို ထိရောက်စွာ ကူညီ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။”

ညီလာခံတွင် အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ရခိုင့်အရေးကို ဖြေရှင်းနိုင်ရေး  အတွက် အကြံအဉာဏ်များလည်း ရယူသွားမည်ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်ရန် စီစဉ်နေသည့် ပဏာမ အကြိုဆွေးနွေးပွဲသည် အမေရိကန်ပြည်ထောင်စု အတွင်းရှိ  ပြည်နယ် အသီးသီးတွင် ပြန့်ကျဲ ရောက်ရှိနေကြသော ရခိုင်သူ ရခိုင်သားများ၏  ၄ ကြိမ်တိုင်တိုင် ဆွေးနွေးတိုင်ပင်ပြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးတွင်ရောက်ရှိနေကြသော ရခိုင်အမျိုးသား အမျိုးသမီး  ၄၀၀ ကျော် တက် ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကိုခိိုင်မင်းက  ပြောသည်။

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင် အမျိုးသား စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါးခန့်  ရှိသည်ဟု သိရသည်။

Most read this week