ရခိုင် တိုင်းရင်းသား အချင်းချင်း နားလည်မှုရအောင် ၈၈ မျိုးဆက်အဖွဲ့ ဆွေးနွေးပွဲပြုလုပ်

ရခိုင် တိုင်းရင်းသား အချင်းချင်း နားလည်မှုရအောင် ၈၈ မျိုးဆက်အဖွဲ့ ဆွေးနွေးပွဲပြုလုပ်
by -
နိရဥ္စရာ

ရခိုင်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် တစ်ဦးနှင့် တစ်ဦး နားလည်မူနှင့် ယုံကြည်မူ မရှိ ဖြစ်နေကြသော ရခိုင် ပြည်နယ်မှ တိုင်းရင်းသားများ အကြား  အပြန်အလှန် ယုံကြည်မူနှင့် နားလည်မှု ပြန်လည် တည်ဆောက်နိုင်ရန် ရည်ရွယ်သည့်  ဆွေးနွေး ပွဲတရပ် ကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်တွင်  ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ၏ “ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း”က ဦး ဆောင် ကျင်းပခြင်း ဖြစ်ပြီး ရခိုင်၊ ကမန်နှင့် မရမာကြီး တိုင်းရင်းသားများ တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးက နိရဥ္စရာသို့ ယခုလို ပြောသည်။

“ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးတာက ရခိုင်ရယ်၊ ကမန်ရယ်၊ မရမာကြီးရယ်။ ရခိုင်ပြည်အရေး ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံသား၊ တိုင်းရင်းသား မျိုးနွယ်စုတွေ အချင်းချင်းကြားထဲမှာ ယုံကြည်မှု ပြန်ရဖို့၊ တစ်ယောက်နဲ့တစ် ယောက် အပြန်အလှန် နားလည်မှုရရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။”

ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ကိုကိုကြီးက ယခုကဲ့သို့ ပြောသည်။

“ ပြီးခဲ့တဲ့ ရခိုင် ပဋိပက္ခကြားထဲမှာ နဂို ရင်းနှီးဆက်ဆံနေပြီးသားဖြစ်တဲ့ နိုင်ငံသား တိုင်းရင်းသားတွေ တစ်ယောက်နဲ့တစ် ယောက် နားလည်မှု လွဲနေတာကို ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတယ်။ ဘာအကြောင်းတွေကြောင့် နားလည်မှု လွဲနေတယ်၊ အဲဒီတော့ ရေရှည်မှာဆိုရင် နားလည်မှုပြန်ရဖို့အတွက် အဖက်ဖက်ကနေပြီးတော့ ဘာတွေ လုပ်သင့် တယ်ဆိုတာကို ပြောဖြစ် ဆိုဖြစ်ကြပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မြောက်ဦးမှ ထွက်ပြေးတိမ်းရှောင်လာသော မရမာကြီး လူမျိုးများ အပြင် ရမ်းဗြဲမြို့နယ် အသင်း၊ ရခိုင် သဟာယ အသင်း၊ ရခိုင် စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။

၎င်းအပြင် နိုင်ငံတော်အစိုးရမှ တရားဝင်ဖွဲ့စည်းပေးထားသော အပြန်အလှန် နားလည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မီတီအဖွဲ့ဝင်များဖြစ်သော ဒေါ်သန်းသန်းနု၊ သိက္ခာတော်ရ ဦးကျော်ညွန့်၊ မူဆလင်လူငယ်များ အဖွဲ့ ချုပ်မှ ကိုမြင့်ထွန်းတို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် အတူတကွ လက်တွဲနေထိုင်ရေးအတွက် တက်ရောက်လာသော ရခိုင်တိုင်းရင်းသားများ၊ ကမန်တိုင်းရင်း သားများနှင့် မရမာကြီးလူမျိုးများအကြား အပြန်အလှန် ပြောဆိုဆွေးနွေးမှုများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို ကိုယ်တိုင်တက် ရောက်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှမြင့်ကပြောသည်။

ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၊ ကမန်တိုင်းရင်းသားများ၊ မရမာကြီးလူမျိုးများနှင့် ၈၈ မျိုးဆက် ကျောင်းသားများအပါ အဝင် စုစုပေါင်း ၂၀ ကျော်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို မွန်းလွဲတစ်နာရီမှ  ညနေ ၃ နာရီထိ ပြုလုပ်ခဲ့သည်။

Most read this week