သိမ်းထားသည့်လယ် ပြန်မပေးလို၍ စစ်တပ်က ဘောလုံးကွင်းလုပ်

သိမ်းထားသည့်လယ် ပြန်မပေးလို၍ စစ်တပ်က ဘောလုံးကွင်းလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ် လုံကောက် ကျေးရွာအုပ်စု လုံကောက်ကျေးရွာမှ လယ်သမား ၁၁ ဦးပိုင် လယ်မြေများကို စစ်တပ်မှ မူလပိုင်ရှင်များထံသို့ ပြန်မပေးလိုသည့် အတွက် လယ်မြေများကို မြေတူးစက်များနှင့် တူးဖေါ်ကာ ဘော်လုံးကွင်း ပြုလုပ်နေသည်ဟု ရွာသားများက ပြောသည်။

လယ်မြေများကို ဘောလုံးကွင်းအဖြစ် ပြုလုပ်သည့်နေသည့် တပ်ရင်းမှာ အမှတ် ၉၂၂ ထောက်ပံ့ရေး တပ်ရင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော် အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်း ခံထားရသည့် လယ်မြေများကို ပြန်လည် လုပ်ပိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ စစ်တပ်က ဘော်လုံးကွင်း ပြုလုပ်လာခြင်း ဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံ စမ်းရေးကော်မရှင်နှင့် စစ်ထောက်ချုပ်ရုံးတို့ တွေ့ဆုံ ဆွေးနွေးစဉ် ကာကွယ်ရေး ဝန်ကြီးဌာန စက်ထောက်ချုပ် ရုံးမှ တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ် မင်းနိုင်မှ တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်မြေများကို ပြန်လည် လုပ်ပိုင်ခွင့် ပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

“ ခုလို သတင်းတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ အမှတ် ၉၂၂ ထောက်ပံ့ရေးတပ်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီက စတင်ပြီးတော့ မြေတူးစက်တွေနဲ့ လယ်တွေကိုတူးပြီး ဘောလုံးကွင်း ပြုလုပ်နေပါတယ် ခင်ဗျား” ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။

လယ်သမားများက လယ်မြေများကို မြေထိုးစက်ကြီးများဖြင့် မတူးပစ်ရန်နှင့် သွားပြောသော်လည်း အထက် အမိန့်အရ လုပ်ခြင်း ဖြစ်ကြောင်း စစ်တပ်က ပြောဆိုသည်ဟု ဆိုသည်။

“ ရွာသားတွေ ဒီကိစ္စကို ကျွန်တော်ဆီကို လာအကြောင်းကြားပါတယ်။ ဒါကြောင့် ဒီကိစ္စ အထက်လူကြီးတွေ ကို ကျွန်တော် တိုင်ကြားထားပါတယ်” ဟု အမ်းမြို့မှ နိုင်ငံရေး ပါတီတစ်ခုမှ ခေါင်းဆောင် တစ်ဦးက နိရဥ္စရာသို့  ပြောသည်။

စစ်တပ်မှ ဘောလုံးကွင်း ပြုလုပ်နေသည့် လယ်မြေဧကမှာ စုစုပေါင်း ၂၃ ဒဿမ ၃၀ ဧက ရှိပြီး အဆိုပါ လယ်မြေများကို လုံကောက်ကျေးရွာအုပ်စုမှ ဦးရွှေမောင်၊ ဦးမောင်ဖြူ၊ ဦးလေးငယ်၊ ဒေါ်မခွေး(၁)၊ ဒေါ်မခွေး (၂)၊ ဦးညီထွေး၊ ဦးအုန်းဖေ၊ ဒေါ်တင်ရီ၊ ဦးကိုကိုနှင့် ဦးကျောင်သိန်း(ငယ်) တို့က ပိုင်ဆိုင်ကြသည်။

အဆိုပါ လယ်မြေများကို အမှတ် ၉၂၂ တပ်ရင်းက ၁၉၉၀ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့ပြီး လယ်ပိုင်ရှင် များကို တစ်ဧကကို ၁၀ တင်းနှုန်းဖြင့် ဗြိတိသျှခေတ် အိန္ဒိယ ချစ်တီး ကုလားများ ပုံစံကို အတုခိုးကာ သီးစား ပြန်ချထားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လယ်မြေများကို ပြန်ရလိုကြောင်း လယ်သမားများက နေပြည်တော် အဆင့် တာဝန်ရှိသူများကို တိုင်ကြားထားပြီးနောက် လယ်မြေများကို ဘော်လုံကွင်း ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week