ရှမ်းပြည်နယ် အရှေ့ဘက်ရှိ ဒေသများသို့ ကမ္ဘာလှည့် ခရီးသွားများ ယခုနှစ်အတွင်း ပိုမိုလာရောက် ကြောင်း ဒေသခံ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
“ဒီနှစ်ထဲမှာ အမေရိကန်တွေ အတော်များများ ရောက်တယ်။ အရင်နှစ်တွေက အမေရိကန်လူမျိုးတွေ လာရောက်မှု
က မတွေ့ရသလောက်ပါပဲ။ ဧည့်သည် သိပ်မရတဲ့ ဟိုတယ်တွေတောင် ဧည့်သည် အတော်ရလာကြတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း-ရွှေတြိဂံဇုန်မှ ဥက္ကဋ္ဌ ဦးစိုးရွှေ က ပြောသည်။
ယခင်က နယ်မြေလုံခြံုရေးနှင့် နိုင်ငံရေးအရ ကန့်သတ်မှုများ ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲမှုများ နှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ် ဒေသများသို့ နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်မှု များပြားလျက်ရှိသည်။
“ဧည့်သည် ဝင်ရောက်မှုက မနှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ဘာ့ကြောင့်လဲဆိုရင် ရခိုင်ဒေသနဲ့ ကချင်ဘက် သွားရောက်လည်ပတ်ဖို့ ရောင်းထားတဲ့ ခရီးသွား လုပ်ငန်းတွေက နိုင်ငံရေး အခြေအနေကြောင့် အဲဒီဒေသတွေကို မပို့တော့ဘဲ ကျိုင်းတုံဘက်ကို ပို့လာကြတယ်” ဟု ဦးစိုးရွှေ က ဆိုသည်။
ကျိုင်းတုံဒေသရှိ ခေမဋ္ဌ ရပ်တော်မူ ဗျာဒိတ်ပေးဘုရား၊ မဟာမြတ်မုနိဘုရား၊ သစ်တစ်ပင်တောင်၊ နောင်တုန်ကန်၊ စော်ဘွားဂူ၊ ရှေးမြို့ရိုး၊ ရိုးရာ ဂျပ်ခုပ်လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများကို လေ့လာလည် ပတ်မှုရှိသည် ဟုဆိုသည်။
“နိုင်ငံခြားသားတွေအဓိက လေ့လာကြတာ အဲန်၊ လားဟူ၊ အခါ၊ အာခူ စတဲ့ တောင်ပေါ်နေ တိုင်းရင်းသား တွေရဲ့ သဘာဝအတိုင်း နိစ္စဓူဝ သွားလာနေထိုင် စားသောက်မှုတွေကို လေ့လာကြတာ များတယ်။ အဲန်လူမျိုးတွေဆို သစ်စေးက ထုတ်တဲ့ ပစ္စည်းနဲ့ သွားကို အမည်း ဆိုးထားတယ်။ ရှေးတုန်းကလို သျှောင်ထုံး ထုံးကြတယ်။ မူလ တိုင်းရင်းသား ဝတ်စုံကိုလည်း အမြဲဝတ်ထားကြတဲ့အလေ့ ရှိတာတွေကို လေ့လာကြတယ်” ဟု Princess Hotel မှ တာဝန်ရှိသူ တဦးက ပြောကြားသည်။
ရွှေတြိဂံ ဟိုတယ်ဇုန်အတွင်း ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရသည်။