မျိုးချစ်ရဲဘော်များနဲ့“ချစ်သူများနေ့”

မျိုးချစ်ရဲဘော်များနဲ့“ချစ်သူများနေ့”
by -
ကချင်သတင်းဌာန

ချစ်သူတွေအတွက် ရင်ခုန်စရာ နေ့ရက်တရက်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ကမ္ဘာနဲ့အဝှမ်း ဒီကနေ့မှာ ကျရောက်တဲ့ “ချစ်သူများနေ့” မှာ ချစ်သူရှိသူ မရှိသူ အသီးသီး လက်ဆောင်ပန်းစည်းများ ချော့ကလက်များ… စသဖြင့် ရင်ခုန်စရာ အစီအစဉ်လေးတွေ ပြုလုပ်ပြီးပျော်နေကြချိန် အကြောင်း အမျိုးမျိုးကြောင့် မျိုးချစ်ရဲဘော်အဖြစ် ရှေ့တန်းတွေမှာ ရောက်နေကြတဲ့ ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲဘော်များကို ချစ်သူများနေ့ အမှတ်တရ စကားလက်ဆောင် ပါးစေနိုင်ဖို့ KNG ကချင်သတင်းဌာနမှ မဆိုင်းခေါန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ချစ်သူများနေ့ကိုမေ့နေလို့ ချစ်သူထံက အကြိမ်ကြိမ် အရိပ်အယောင်ပြ မေးမြန်းသော်လည်း သတိမထားမိပဲ တာဝန်ကိုသာ ဦးစားပေးနေတဲ့ ခယာဘွမ် (Hka Ya Bum) တောင်ခြေတွင် နေရာယူထားသူ KIA အရာရှိ အားလ ကအခုလိုပြောပါတယ်။

မေး။        ။ အကို ဒီနေ့ ဘာနေ့ဆိုတာ သိလား။

ဒီနေ့ ချစ်သူများနေ့ ဆိုတာ ကျွန်တော် ဒီမနက်မှ သိတာ။

မေး။        ။ ဘယ်လို သိတာလဲ။

ကျွန်တော်က ရှေ့တန်းမှာပဲ ကိုယ့်အလုပ်ကို အာရုံစိုက်ပြီး ဘယ်တော့ ပစ်မလဲဆိုတာကိုပဲ သတိနဲ့နေတယ်ဆိုတော့ ဘာနေ့တွေဖြစ်မှန်းကို မသိဘူးလေ။ ဒီမနက်က ကျွန်တော့် ချစ်သူက ဖုန်းကနေ massage ပို့လို့သိတာ။

မေး။       ။ အစ်ကို့ချစ်သူက ဘယ်ကနေပို့တာလဲ။ ဘယ်မှာနေတာလဲ။

သူက သူ့အလုပ်နဲ့ အခုထိုင်းမှာ နေတာ။ သူက “ကျမ ချစ်သူ လူညံ့ကြီးရယ် Happy Valentine’s day နော်.. အရမ်းချစ်တယ်နော် (Nye tsawra a nya ka e..Happy Valentine’s day yaw.. tsawra dik ai yaw).. ဆိုပြီးပို့လာတာ။

မေး။       ။ ဘာဖြစ်လို့ လူညံ့ကြီးဖြစ်သွားရတာလဲဲ။

ဟား..ဟား.. အဲဒါ အရမ်းရယ်ရတယ်။ သူက ကျွန်နော့်ကို ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ဖုန်းဆက်တယ်။ စကားတွေပြောကြရင်း သူကမေးတယ် ကျနော့်ကို ဒီနေ့ ဘာနေ့လဲတဲ့ ကျနော်က ပြည်ထောင်စုနေ့လေလို့ဖြေတယ်။ မနက်ဖြန်ကောတဲ့ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လေ လို့ပြန်ဖြေတယ်။ ဒါဆို တဘက်ခါကောတဲ့။ တဘက်ခါက ဖေဖေါ်ဝါရီ ၁၄ ရက်လေလို့ပြန်ပြောတယ်။ အဲဒီနေ့က ဘာနေ့လဲတဲ့။ ကျနော်လည်း တကယ်မသိလို့ ဖေဖေါ်ဝါရီ ၁၄ ရက်လေ ဘာဖြစ်လို့လဲလို့ပြောတော့ အဲဒါနဲ့ သူက မသိချင် ယောင်ဆောင်မနေနဲ့တဲ့။ ကျနော်လည်း တကယ် သတိကို မထားမိလို့ အဲဒီနေ့ ဘာဖြစ်လို့လဲ ပြောပြလေ လို့မေးတော့ သူကမပြောပြဘူး။ ကျနော့်ကို ပတ်ဝန်းကျင် နည်နည်းလေ့လာနော်တဲ့။ ကျနော်လည်း ဒီတောမှာ ဘယ်က ပတ်ဝန်းကျင်လေ့လာမှာလည်း တောပဲ ရှိတယ်လို့ စလိုက်တာ။ ဒီကသူငယ်ချင်းတွေကို မေးလည်း မသိဘူးတဲ့။

မေး။       ။ အဲဒီတော့။

သူက မနေ့ည ဖုန်းပြန်ဆက်တယ်။ မနက်ဖြန် ဘာနေ့လဲ သိပြီလားဆိုပြီးပြန်မေးတယ်။ ကျနော်လည်း တစ်ကယ်သတိမထားမိလို့ မသိဘူး မနက်ဖြန်က ဘာနေ့မို့လို့လဲ နင့်မွေးနေ့လည်း မဟုတ်ဘူးလို့ပြောတော့။ နင်ကလေ အရမ်းညံ့တာပဲတဲ့။ ကျနော်လည်း နင်မပြောပြရင်ဘယ်သိမလဲ ပြောပြလေလို့ပြောတော့ မပြောပြဘူး မနက်ဖြန်မှ ပြောပြမယ်တဲ့။ အဲဒါနဲ့ ဒီမနက်မှ သူ massage ပို့မှ ကျွန်နော်သိတာ။

မေး။       ။ ချစ်သူဆီက massage ရလိုက်တဲ့အချိန် အစ်ကိုရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားသေးလဲ။

ကျနော် massage ရတော့ သူ့ကို ဖုန်းပြန်ဆက်တယ်။ ပျော်လည်းပျော်တယ်။ တမျိုးကတော့ သူပြောသလို ကျနော်လည်း အရမ်းညံ့တာပေါ့နော် ချစ်သူများနေ့ကို မသိဘူးဆိုတော့(ရယ်ရင်းနဲ့)။

မေး။       ။ ချစ်သူက ဘယ်လိုပြန်ပြောလဲ စိတ်ဆိုးသေးလား။

စိတ်တော့ မဆိုးဘူး။ သူကပြောတယ် နင်အခုတောမှာနေနေလို့ ခွင့်လွှတ်တာနော်တဲ့။ ဆိုးတော့ဆိုးချင်မှာပေါ့နော်။ ဒါပေမဲ့ ကျနော်လည်း သတိမထားမိတဲ့ အကြောင်းတွေကို ပြန်ရှင်းပြတယ်။
အော်..အခုကျနော်က ရှေ့တန်းမှာနေတယ််ဆိုတော့ တကယ်မသိဘူး။ သတိမထားမိတာ။ ပြည်ထောင်စုနေ့တွေ ဗိုလ်ချုပ်အောင်ဆန်းနေ့တွေကိုတော့ ရေဒီယိုမှာကြေညာတာလေနော်။ အဲလိုဆိုတော့ သိမှာပေါ့။ ဒီမနက်တော့ အစောကြီးလေ သူစာပို့တာလည်း။ ရေဒီယိုလည်း နားမထောင်ရသေးဘူး။ ဖုန်းတောင်မှ အခုနည်းနည်းငြိမ်နေလို့ ပြောရတာ။ သူလဲနားလည်ပါတယ်။

မေး။       ။ အစ်ကို့အနေနဲ့ ချစ်သူများနေ့ကို ဘယ်လိုမြင်လဲ ချစ်သူနဲ့ အတူရှိနေမယ်ဆိုရင် ဘယ်လိုစဉ်းစားမိလဲ။

ချစ်သူများနေ့ဆိုတာလည်း လူတွေ သတ်မှတ်ထားတာပဲလေ။ သူ့ကိုလည်း ကျနော်ပြောပါတယ်။
ကျနော့်အတွက်တော့ နေ့တိုင်း ချစ်သူများနေ့ပါပဲလို့။ နေ့တိုင်းပဲ ချစ်နေတာပါလို့ နင်နဲ့ စကားပြောတိုင်း ပျော်နေတာပါလို့။ ဒီနေ့မှာ ဝေးနေရလည်း စိတ်အားမငယ်နဲ့လို့ ဒါပေမဲ့ ဒီလိုမျိုးနေ့မှာ အတူရှိနေတော့ ပျော်အောင်တော့ နေကြမှာပေါ့။

ခယာ တပ်စခန်းမှာ တာဝန်ကျနေတဲ့ အရှာရှိတဦးဖြစ်သူ အားလက ပြောပြသွားတာပါ။ နောက်တယောက်ဖြစ်တဲ့ တရုတ်နယ်စပ် ပန်ဝါရှေ့တန်းမှာ ၁ နှစ်လောက် ရောက်နေတဲ့ KIA အရာရှိ ၀မ်ဘွမ် ကတော့ ရှေ့တန်းမှာရောက်နေပေမယ့် ချစ်သူများနေ့မှာ မမေ့မလျော့ လိုင်ဇာမှာရှိနေတဲ့ သူ့ချစ်သူကို သူငယ်ချင်းများကို အကူအညီတောင်းပြီး လက်ဆောင်ပို့ခဲ့ပြီး ဖုန်းနဲ့လည်းနှုတ်ဆက်နိုင်ခဲ့တယ်လို့ပြောပါတယ်။

မေး။       ။ အစ်ကိုက ဒီနေ့ ချစ်သူများနေ့ကို ဘယ်လိုသိလိုက်လဲ။

ကျနော်က မနေ့ညပဲ သိတယ်။ အစကတော့ အမှုမဲ့အမှတ်မဲ့နေနေတာ မနေ့ညတော့ ဖေဖေါ်ဝါရီ ၁၃ ရက်ဆိုပြီး။ ၁၄ ရက်ကို ပြန်စဉ်းစားတော့ ချစ်သူများနေ့ဆိုတာ သူ့ဟာသူ သိလာတယ်။

မေး။       ။ ဒါဆို အစ်ကိုကတော့ မနေ့ကနေ သိနေပြီပေါ့နော်။

သိတယ် သိတယ်။ ကျနော်တို့ ချစ်သူရှိတဲ့လူတွေက မေ့လို့တော့မရဘူးလေ(ရယ်ရင်း)။

မေး။       ။ အစ်ကိုရဲ့ ချစ်သူကို ဖုန်းဆက်သေးလား။

ဒီမနက်စောစော သူ့ကိုဖုန်းဆက်ပြီးပြီ။ ကျနော်က ရှေ့တန်းမှာဆိုတော့ ကျနော်မနှစ်ကလည်း ဒီအချိန်မှာ တခြားနေရာမှာ ရောက်နေတော့ သိတဲ့ သူငယ်ချင်းတွေကိုပဲ ပန်းလုပ်ခိုင်းပြီး ကျနော့်နာမည်နဲ့ သူ့နာမည်နဲ့ ရေးကပ်ပြီး Happy Valentine’s day ဆိုပြီး ပို့ပေးတယ်။ ဒီနှစ်လည်း လိုင်ဇာက သူငယ်ချင်းတွေကို အကူအညီတောင်းပြီး ကျနော့ ကိုယ်စားဆိုပြီး ပို့ပြီးပြီ။ ခုနက ရပြီတဲ့။  သူဖုန်းလည်းဆက်တယ်။ ကျနော်ပို့ပေးလိုက်တဲ့ ပန်းကို ဓါတ်ပုံရိုက်ပြီး ဖုန်းနဲ့ ဓါတ်ပုံတစ်ပုံပြန်ပို့ပေးတယ်။

မေး။       ။ ချစ်သူများနေ့မှာ တစ်ယောက်တစ်နေရာစီဖြစ်နေတာကို ဘယ်လိုခံစားရလဲ။

ခံတော့ ခံစားတယ်လေ Valentine’s day ဆိုရင်တော့ ကျနော်တို့ လည်း ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့တော့ အတူနေချင်တယ်။ တွေ့တော့ တွေ့ချင်တယ်။ ဒါပေမဲ့ မပြီးမြောက်သေးတဲ့ ကိုယ့်တာဝန် ကိုယ့်နိုင်ငံအတွက် ဆိုတော့ သီးခံပြီးနေရတော့တာပေါ့။

မေး။       ။ တကယ်လို့များ ဒီလိုရက်မျိုးမှာ ချစ်သူနဲ့ အတူရှိနေရင် ဘာတွေ လုပ်ဖြစ်မယ်လို့ စဉ်းစားလဲ။

တခြားတော့ မစဉ်းစားထားဘူး။ ဒါပေမဲ့ အတူရှိနေရင်တော့ အေးဆေးတဲ့ တစ်နေရာမှာ အေးအေးဆေးဆေး အတူစကားတွေပြောကြမယ်။ နွေးနွေးထွေးထွေးနေမယ်လို့တော့ စဉ်းစားမိတယ်။ ဒါပေမဲ့ နိုင်ငံရေးကြောင့် မဖြစ်နိုင်တော့ဘူးပေါ့။

မေး။       ။ ချစ်သူများနေ့မှာ ရှေ့တန်းမှာရောက်နေတဲ့ သူတစ်ယောက်ရဲ့ခံစားချက်လည်း သိချင်ပါတယ်။

ကျနော်တို့က ပြည်သူအတွက် ပြည်သူလူထုအတွက် ကျနော် ဒီတိုက်ပွဲမှာ မနှစ်ကနေပြီး တိုက်ပွဲဝင်နေတာ။
တစ်နှစ်ပြည့်တော့မယ်။ ကျနော်တို့ ဆက်လက်ပြီးတော့လည်း ကျနော်တို့ ကိုယ်ခန္တာတွေအကုန် ပေးဆပ်၊ ဖြစ်လာတဲ့ ကြံုလာတဲ့အရာ အကုန်လုံးကိုလည်း ကြိုးစားပြီး ထမ်းဆောင်နေတာပေါ့။ ဆက်ကပ်ထားပြီး သားဆိုတော့ ဘာပဲဖြစ်ဖြစ် အောင်မြင်လာတဲ့ အထိတော့ ကြိုးစားပြီး တာဝန်ထမ်းဆောင်သွားမယ်လို့စဉ်းစားထားတယ်။

မေး။       ။ ကိုယ့်လူမျိုးအတွက် မျိုးချစ်စိတ်နဲ့ ဦးစားပေး စဉ်းစားတယ်ဆိုတော့ အစ်ကိုရဲ့ ချစ်သူက ဒီဆုံးဖြတ် ချက်အပေါ်ဘယ်လိုသဘောရလဲ။

အဲဒါက သူနားလည်တယ်။ သူလည်း ဒီ KIA ၀န်ထမ်း အတိုင်းအဝိုင်းကဆိုတော့။ သူလည်းနားလည်တယ်။ အဲလိုမျိုး ပြဿနာတော့ ကျွန်နော်တို့ နှစ်ယောက်ကြားမှာ မရှိဘူး။

နောက်တယောက်ဖြစ်တဲ့သူကတော့ သူ့ချစ်သူနဲ့ လက်ထပ်ပြီး မကြာခင်မှာပဲ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းကို ထွက်ခဲ့ရသလို အခု တာဝန်အရ လိုင်ဇာမြို့ကို ပြန်လာတဲ့အချိန် ချစ်သူများနေ့နဲ့တိုက်ဆိုင်ခဲ့လို့  ထိုင်းမှာ အလုပ်လုပ်နေတဲ့မိန်းမနဲ့ အင်တာနက်ပေါ်က တွေ့ခွင့်ရလိုက်တဲ့ KIA အရာရှိ အောင်းလာ ကတော့…

မေး။       ။ ချစ်သူများနေ့မှာ အစ်ကိုရဲ့ မိန်းမနဲ့ အတူမရှိနေတာကို ဘယ်လိုခံစားရလဲ။ ဒီနေ့အမှတ်တရဘာတွေလုပ်ဖြစ်ခဲ့ကြလဲ။

ကျနော်ချစ်တဲ့ KIA စစ်တပ်မှာနေလို့ရတော့ ပျော်တယ်။ ကျနော့် မိန်းမနဲ့ ခုနက Skype ကနေ တွေ့ဖြစ်ကြ တယ်။ သတိရတဲ့ အကြောင်း ချစ်တဲ့ အကြောင်းတွေပြောကြတယ်။ နောက်ဆုံတဲ့အချိန်မှ  Valentine’s day လက်ဆောင်အနေနဲ့ အာဝါး လက်ဆောင်ပေးမယ်တဲ့။ သူလည်း ကျနော့်ကို တို့နှစ်ယောက် မဆုံရရင်လည်း ဘာမှမဖြစ်ဘူးနော်။ စိတ်အားမငယ်နဲ့ နောက်တွေ့မှ အာဝါး များများပေးမယ်တဲ့။ အဲဒါကို အကြွေးနဲ့ မှတ်ထားတယ်လို့ပြောတယ်(ရယ်ရင်း)။

မေး။       ။ ခုဒီလိုအခြေအနေကို စိတ်ထဲမှာ ဘယ်လိုခံစားလဲ။

သူနဲ့ အတူမနေရလည်း စစ်တပ်မှာ ဒီလိုမျိုး ကြိုးစားပြီး နေလို့ရတော့ ကျေနပ်တယ်။ ပျော်တယ်။ အခုတော့ အချစ်ရေးနဲ့ပတ််သက်ပြီး အဲလောက် အရေးမလုပ်ဖြစ်ဘူး။ ကိုယ့်နယ်မြေ ပျော်အောင် တိုက်ပွဲဝင်ချင်တဲ့ စိတ်ပဲ ရှိနေတယ်။

မေး။       ။ မိန်းမနဲ့လည်း အတူမနေရပဲ စစ်တပ်မှာ တာဝန်ထမ်းဆောင်ရတာကိုပျော်တယ်ဆိုတာဘာကြောင့် လဲ။

ကိုယ့်လူမျိုးကိုချစ်လို့။ ကိုယ့်နယ်မြေကို ကာကွယ်ချင်တဲ့ စိတ်ကြောင့်ပေါ့။ အဲဒါကြောင့်လည်း တိုက်ပွဲတွေမှာ ခိုင်ခိုင်မာမာ ခုခံ တိုက်ပွဲဝင်နေတယ်လေ။

ရှေ့တန်းတွင်ရောက်ရှိနေကြသော ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ရဲဘော်များ၏ မျိုးချစ်စိတ်အပြည့်နှင့် ချစ်သူများနေ့ကို ဖြတ်သန်းခဲ့ပုံ မေးမြန်းခန်းကိုဤမျှဖြင့် တင်ဆက်လိုက်ပါတယ်။

Most read this week