မြစ်ကြီးနား ဇီးလွန် မူလတန်းကျောင်း မီးလောင်မှု ကျောင်းသား ၅၀၀ ကျော် အခက်ခဲဖြစ်

မြစ်ကြီးနား ဇီးလွန် မူလတန်းကျောင်း မီးလောင်မှု ကျောင်းသား ၅၀၀ ကျော် အခက်ခဲဖြစ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဇီးလွန်အထက်တန်းကျောင်းရှိ မူလတန်းအဆောင်ဟောင်းတွင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၅၀၀ ကျော် စာသင်ရန် အခက်ခဲနှင့် ရင်ဆိုင်နေရသည်။

လာမည့် ဖေဖော်ဝါရီလ ၂၁ နေ့မှစတင်၍ အတန်းတင် စာမေးပွဲများ ဖြေဆိုရန် ရှိပြီး ယခုကဲ့သို့ ရုတ်တရက် မီးလောင်ခဲ့ခြင်းကြောင့် ကျောင်းဆောင်သစ် ဆောက်လုပ် မပြီးမီ အခက်ခဲရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဇီးလွန်ကျောင်းမှဆရာမ အမာကြည်က ပြောသည်။

“တစ်ဆောင်လုံးလောင်သွားတယ်၊ ဝါယားကြိုးဘဲ ရှော့ဖြစ်တာပဲနေမှာပေါ့နော်။ မနေ့ည ၂ နာရီကျော်မှ အားလုံးသိကြတာလေ။ ပြီးတော့မီးတွေက တစ်အားကောင်းနေတာ တစ်ခန်းပြီး တစ်ခန်းလောင်တာ မဟုတ်ဘူး။ အပြိုင်လိုက်ကိုလောင်တာ တစ်ဆောင်လုံးကိုအပြိုင်လောင် တာ။ တစ်ခါထဲကို ကုန်သွားတာဘဲ။ စွယ်တော်ပင်တွေရှိလို့ တခြားကိုမီးမကူးတာ။” ဟု ဆရာမ အမာကြည် က KNG ကချင်သတင်းဌာန သို့ပြောသည်။

၀ါယာကြိုးရှော့ဖြစ်ရာမှ လောင်ကျွမ်းခြင်းဟု ခန့်မှန်း ပြောဆိုနေသော်လည်း အမှန်တကယ်တွင် မူလတန်းကျောင်းသို့  လျှပ်စစ်မီး သွယ်ထားခြင်း မရှိကြောင်းသိရသည်။

၎င်းအဆောင်သည် ဝါးထရံနှင့် သွပ်မိုးထားသော ကျောင်းဆောင်ဟောင်း ဖြစ်ပြီး ကျောင်းဆောင် အသစ်တခုအား ဆောက်လုပ်နေစဉ် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ကျောင်းဆောင်ဟောင်းမှ စားပွဲ၊ ကုလားထိုင်နှင့် ကျောင်းသုံးပစ္စည်းများ မီးလောင်သည့်အထဲ ပါသွားသဖြင့် လောလောဆယ် စာသင်ကြားရန် အခက်အခဲ ဖြစ်နေကြောင်း ဆရာမ အမာကြည်က ဆက်လက်ပြောဆိုသည်။

“အခက်အခဲတွေက ကျောက်သင်ပုန်းမှအစ အဆင်သင့်မရှိဘူးလေနော်။ အကုန်လိုတာပေါ့ အစစအရာရာ ထိုင်ခုံတွေလဲ အများကြီးပါသွားတယ်လေနော်။ ကလေးတွေ ထိုင်တဲ့ထိုင်ခုံတွေပေါ့နော် ပြီးတော့ ၁၀ တန်းတွေလဲ အကြို သက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးဖြေနေတော့ ထိုင်ခုံအပိုတွေလည်း အဲဒီဘက်ရွှေ့ထားတာလေ အဲဒါလေးကလေး နည်းနည်းလေးဘဲ ပြန်ရလိုက်တယ်။ အဲဒါတောင် အပြင်မှာရောက်နေ လို့ပေါ့နော။” ဟု ဆက်ဆိုသည်။

ကျောင်းဆောင် အသစ်ကိုဆောက်လုပ်ရာတွင်လည်း ငွေကြေး မလုံလောက်သဖြင့် အပြီးသပ်နိုင်ခြင်းမရှိဘဲ အကူအညီများ လိုအပ်နေဆဲဟု သိရသည်။

မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းဆောင်သည် ၁၅ ပေခန့်သာ ကွာဝေးသော်လည်း အထက်တန်းကျောင်းအား အုတ်ဖြင့်ပြုလုပ်ထားခြင်းကြောင့် လောင်ကျွမ်းခြင်းမရှိကြောင်း ဆရာမက ပြောသည်။

အဆိုပါကျောင်းတွင် အစိုးရတပ်များနှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် ကျောင်းသားများလည်း သင်ကြားနေပြီး မီးလောင်၍ ၂ နာရီခန့်ကြာမှ မီးသတ်ကား ၂ စီး ရောက်လာကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ဖေဖော်ဝါရီလအတွင်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၄င်းမတိုင်မီ ၀ါယာကြိုးရှော့ဖြစ်၍ ဆေးရုံဝင်း ၀န်ထမ်းတန်းလျား မီးလောင်မှုကြောင့် မိသားစု ၁၁ အိမ် မီးလောင်ကျွမ်းခဲ့ပြီး လူ ၅၀ ခန့်မီးဘေးဒုက္ခ ရင်ဆိုင်ခဲ့ရသည်။

Most read this week