ဗိုလ်ရာဇာနေ့ အခမ်းအနား နယ်သာလန်ရောက် ရခိုင်-ကရင်များနှင့် ရက္ခိုင့်တပ်မတော်တို့ ကျင်းပ

ဗိုလ်ရာဇာနေ့ အခမ်းအနား နယ်သာလန်ရောက် ရခိုင်-ကရင်များနှင့် ရက္ခိုင့်တပ်မတော်တို့ ကျင်းပ
by -
နိရဥ္စရာ

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်ခဲ့သော ၁၅ နှစ်မြောက် ဗိုလ်ရာဇာနေ့ အခမ်းအနားကို နယ်သာလန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်-ကရင် မျိုးချစ် ရဲဘော်များနှင့် ကချင် စစ်မြေပြင်ရောက် ရက္ခိုင့်တပ်မတော်တို့မှ အသီးသီး ကျင်းပခဲ့့ကြသည်ဟု သတင်း ရရှိသည်။

ဗိုလ်ရာဇာနေ့ အခမ်းအနား နယ်သာလန်ရောက် ရခိုင်-ကရင် ၃၄ ဦးအဖွဲ့မှ ကျင်းပစဉ်။

နယ်သာလန်နိုင်ငံတွင် ကျင်းပသော အခမ်းအနားကို အိန္ဒိယ နိုင်ငံ ထောင်ထဲတွင် ၁၃ နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ရပြီး ယခုအခါ နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေကြသော ရခိုင်နှင့် ကရင် မျိုးချစ် တော်လှန်ရေး သမားများက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင် ကျင်းပရာတွင် ပါ၀င်သူ ခိုင်ဓညလင်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဗိုလ်ရာဇာ အပါအဝင် ရခိုင်နဲ့ ကရင် ခေါင်းဆောင် ၆ ဦးဟာ ဒီဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ အိန္ဒိယ စစ်တပ်ရဲ့ သွေးအေးအေးနဲ့့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ သူတို့ သတ်ဖြတ်ခံရတဲ့ အတွက် အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တွေ ဆုံးရှံုးသွားရသလို ရခိုင်တော်လှန်ရေးကိုလည်း အကြီးအကျယ် နစ်နာခဲ့ရတယ်။ ဒီနေ့ဟာ အဖိနှိပ်ခံ ဘဝက လွှတ်မြောက်ရေး အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ရခိုင်နဲ့ ကရင်တွေသာမက တော်လှန်ရေးကို မြတ်နိုးတဲ့ ရခိုင် တမျိုးသားလုံး (လုံးဝ)  မမေ့ပျောက် မမေ့ပျောက် အပ်တဲ့ နေ့တစ်နေ့ ဖြစ်တယ်” ဟု ပြောဆိုသည်။

သို့အတွက် သူတို့ အနေဖြင့် ဗိုလ်ရာဇာ အပါအဝင် ခေါင်းဆောင် (၆) ဦးကျ ဆုံးခဲ့ရသော နေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အခမ်းအနားကို နယ်သာလန်နိုင်ငံ Wijhe မြို့တွင် ကျင်းပပြီး လူပေါင်း ၄၀ ခန့် တက်ရောက်ခဲ့သည်။

အလားတူ ၂ဝ၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သည့် (၁၅)နှစ်မြောက်
ခိုင်ရာဇာနေ့ အခမ်းအနားကို ရက္ခိုင့် တပ်မတော် လူပ်ရှားရာ ကချင်ပြည်နယ် ရှေ့တန်းစစ်မြေပြင် စခန်း တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

အခမ်းအနားသို့ ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်၊ မဟာမိတ် အဖွဲ့များ၊ စစ်ရုံးချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်ကြောင်းမှူးများနှင့် စစ်သည်၊ စစ်မေများ တက်ရောက်ခဲ့ကြသည်။

ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က မိန့်ခွန်းပြောကြားရာတွင် ခိုင်ရာဇာ၏ ပေးဆပ် စွန့်လွှတ်မှုများ၊ တောက်ပြောင် သော သူရဲကောင်းစိတ်ဓာတ်နှင့် လုပ်ရည်ကိုင်ရည် စသည် တို့ကို အကျယ်တဝင့် ချီးကျူးပြောကြားပြီး မျိုးဆက်သစ်ရဲဘော် များအနေဖြင့် ခိုင်ရာဇာ၏ လုပ်ရပ် များကို စံနမူနာ ထားကာ အားကျအတုယူ လိုက်နာကျင့်သုံးကြရန် လိုကြောင်း၊ ခိုင်ရာဇာ အပါအဝင် ခေါင်းဆောင်ကြီးများ လျှောက်လှမ်းခဲ့သည့် မပြီးဆုံးတဲ့ အမျိုးသားတော်လှန်ရေးတာဝန် တွေကို လက်ဆင့်ကမ်းပြီး ခေတ်အဆက်ဆက် ထမ်းဆောင် လားရမည့်ဖြစ်ကြောင်းနှင့် တိုင်းပြည်နှင့် လူမျိုးကို အလုပ် အကျွေးပြုရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ရုံးချုပ်မှ လာသော သတင်းတစ်ရပ်အရ NUPA(ဘင်္ဂလားဒေ့ချ်) ပါတီမှာ ရက္ခိုင့်တပ်မတော်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိူင်ရေးအတွက် သဘောတူနားလည်မှုများကို လက်မှတ် ရေးထိုးထားပြီး ရခိုင်ပြည် တပ်မတော်မှ လက်ကျန် စစ်သည်အင်အားများကိုလည်း ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၏ စီမံခန့်ခွဲမှုအောက်သို့ တရားဝင်လွှဲပြောင်း ထားပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တပ်မတော်ကို ကမကထပြု တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး စစ်ဦးစီးချုပ် ခိုင်ရာဇာနှင့် နောက်ထပ် ရခိုင်နှင့် ကရင် ခေါင်းဆောင် ၅ ဦးသည် ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယ စစ်ထောက်လှမ်းရေး၏ အယုံသွင်း အကောက်ကြံမူကို ခံခဲ့ရပြီး အန်ဒမန်ကျွန်းရှိ Landford ကျွန်းတွင် အကောက်ကြံ သတ်ဖြတ်ခြင်းကို ခံရကာ ကျဆုံးခဲ့ကြရသည်။

သူတို့ ကျဆုံး ရသော်လည်း ခိုင်ရာဇာ အပါအဝင် သူရဲကောင်း ခေါင်းဆောင်များ၏ နာမည်နှင့် ဂုဏ်ဒြပ်မှာ ရက္ခိုင်ပြည်သူတို့၏ ရင်ထဲ၌ မိန့်ပျောက် မရနိူင်ဘဲ အစဉ် ထာဝရ ရှင်သန် နေမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားများက ပြောကြားသည်။

Most read this week