အစိုးရတပ် နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်ရယူ

အစိုးရတပ် နောက်ဆုတ်ထားသော ရှေ့တန်းစခန်းတခုကို KIA ပြန်လည်ရယူ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်မှ တိုက်ခိုက်သိမ်းပိုက်ထားသော ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၏ ရှေ့တန်း တပ်စခန်းတစ်ခုဖြစ်သော ဂျော်မော် (Jaw Maw)စခန်းကို အစိုးရတပ်ဖက်မှ ဆုတ်ခွာသွားသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က KIA တပ်ရင်း (၂၅)မှ  ပြန်လည်နေရာယူလိုက်ကြောင်း သိရသည်။

KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) နယ်မြေရှိ ဂျော်မော် (Jaw Maw) ရှေ့တန်းတပ်စခန်းတွင် ရိက္ခာပြတ်လပ်မှုကြောင့် အစိုးရတပ်ဖက်မှ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု တပ်မဟာ (၅) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အဲဒီတပ်တွေက ငတ်ပြတ်တာ အရမ်းကြာနေပြီ။ အဲဒါကြောင့် ရွာဖက်ကို ပြည်သူလူထုတွေ၊ စီးပွားရေးသမားတွေဆီက ပိုက်ဆံတောင်းစားဖို့အတွက် ဆုတ်သွားတာ။ ပစ္စည်း သေးသေးတောတောတွေ ချန်ထားတယ်။ သူတို့ကြောက်လည်း နည်းနည်းတော့ ကြောက်တဲ့သဘောပဲ။ အဲဒီမှာရှိတဲ့ ကြိတ်ဆုံတွေကို မီးရှို့ထားတယ်။ ပြီးတော့ ဗုံးတွေထောင် ထားကြတယ်။”

အဆိုပါ အစိုးရတပ်သည် ယခုချိန် မုန်လိုင်ခကျေးရွာ (Munglai Hka) အနီးရှိ နန်အီ (Nang I) ဘက်သို့ ဆုတ်သွားကြောင်း သိရသည်။

ယင်းစခန်းမှ ဆုတ်ခွာသွားသော်လည်း ကျန်ရှိနေသည့် အစိုးရတပ်များက KIA တပ်ရင်း (၂၅) နယ်မြေအတွင်း ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရသည်။

KIA ၏ ဂျော်မော် (Jaw Maw) ရှေ့တန်းစခန်းအား အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၄၃၈၊ ၃၂၀) မှ စုပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KIA တပ်မှ ၁ ဦးကျကာ ၃ ဦး ဒဏ်ရာရှိပြီးနောက် ဆုတ်လိုက်သည့် စခန်းဖြစ်သည်။

၎င်းစခန်းသည် မဟာဗျူဟာကျသည့် စခန်းမဟုတ်သော်လည်း KIA အတွက်မူ အချက်အချာကျသည့် နေရာတခုဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် KIO တို့ ယခုတကြိမ်တွေ့ဆုံဆွေးနွေးမှု၌ စစ်ပြေငြိမ်းရေးအပါအဝင် နှစ်ဘက်ရှေ့တန်း စခန်းများနှင့် ပတ်သက်၍ လေ့လာကြည့်ရှု ဆောင်ရွက်သွားရန် သဘောတူခဲ့ပြီးနောက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လဂျားယန် (Lajayang) အနီးဝန်းကျင်ရှိ အစိုးရတပ်ဘက်မှ လက်နက်ငယ်များဖြင့် မကြာခန ခြောက်လှန့်ပစ်ဖောက် နေကြောင်း သိရသည်။

Most read this week