အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး

အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည်အလောင်း ဖော်ခဲ့ကြောင်း  စုံစမ်းသိရှိရသည်။

စိုင်းလိန်၏အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

အလောင်းဖော်ကြည့်ရာတွင် ၄င်းတို့ထင်ထားသည်ထက် ဒဏ်ရာများ  ပိုပြင်းထန်နေသည်ကိုတွေ့ရ ကြောင်း၊ မသေမချင်း ဓါးနှင့်ခုတ်သတ်မှုအဖြစ် ပြစ်မှုထင်ရှားကြောင်း၊ အမှုမှန်ပေါ်ပေါက် ရေးအတွက်  တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည်စစ်ဆေးပေးသော ဒေသခံဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး  ဆေးသူနာပြုဆရာမ ၂ ဦးနှင့် ဆေးရုံအကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအဝင် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါ၀င်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် ယနေ့ ရက်လည်ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ  လာရောက်ကူညီခြင်း တောင်းပန်စကား  ပြောကြားခြင်း မရှိကြောင်းဆိုသည်။   

“မနေ့က အလောင်းတူး အခမ်းအနားက ပြည်ထောင်စုနေ့ အခမ်းအနားထက်တောင် လူစည် နေတယ်ဗျ။ နိုင်ငံရေး ပါတီကအချို့ ရယ် ဒေသခံပြည်သူအယောက် ၅၀ လောက်ပေါ့။ အားလုံးရဲ့မျှော်လင့်ချက် ကအမှုမှန်ပေါ်ဖို့ပဲ။ တရားခံရော တရားလိုရော ဘယ်သူဘယ်ဝါရဲ့ အမျိုးတော်စပ်နေပါစေ အစိုးရဘက်ကနေ တရားမျှတစွာ တရားစီရင်ပေးဖို့ပဲအားလုံးက လိုလားကြတယ်၊ တရားမျှတစွာ မဆောင်ရွက်ပေးရင်တော့  မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်ရပါတယ်” ဟု အလောင်းဖော်ရာတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောသည်။

အလောင်းကိုလည်း  သင်္ချိုင်းကုန်းရှိ ၄င်း၏ကျင်းတွင်ပင် လူအများရှေ့မှောက် ခွဲစိတ်စစ်ဆေးပြခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာ ကိုယ်ပေါ်တွင် ထင်ရှားတွေ့နေသောဒဏ်ရာများမှာ လက်နှစ်ဖက်ဓါးဒဏ်ရာကြောင့် လက်ဆစ် တွဲလောင်းဖြစ် နေခြင်း၊ ဦးခေါင်းတွင် ၄ လက်မခွဲလောက် ပေါက်ပြဲနေပြီး ဦးနှောက်အထိ ဒဏ်ရာရရှိနေခြင်း၊ မျက်နှာပေါက်ပြဲ၊ ပုခုံးတွင်လည်း ပေါက်ပြဲ နေခြင်းနှင့် ကျောပြင်တွင် ၂ လက်မခန့် ရှိသောဓါးထိုးရာရှိပြီး အဆုတ်အထိ ဓါးစိုက်ဝင်ထားသော ဒဏ်ရာတွေ့ရကြောင်း  စိုင်းခမ်း ကသျှမ်းသံတော်ဆင့်သို့ ပြောသည်။

တရားမျှတစွာ မဆောင်ရွက်ပေးနိုင်ပါက မူစယ်နှင့်နမ့်ခမ်းမြို့ရှိ လူငယ်များပူးပေါင်း ဆန္ဒထုတ်ဖော်မည်ဟု သတင်း များ ထွက်ပေါ်နေသည်။ ယခုအချိန်အထိ တရားခံဖြစ်သော တရုတ်လူမျိုး ပြည်သူ့လွှတ်တော် အမတ် ဦးကျော်မြင့် (ပန်းဆေးပြည့်သူစစ်ခေါင်း ဆောင်)၏တူ ငွေနဂါးသောက်ရေသန့်ပိုင်ရှင် ဦးထွန်းမြင့်(ကွယ်လွန်)၊ ဒေါ်စိန်မေ တို့၏သား ရဲအောင်ထွေး(ခ)လိဖန် တစ်ဦးတည်းသာ ဖမ်းဆီးရမိထားကြောင်း အပေါင်းအပါ  ၃ ဦးမှာလွတ်မြောက်နေ သေးကြောင်း သိရသည်။

Most read this week