နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို

နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို
by -
မဇ္ဈိမ

တမူး နန့်သလက်ချောင်းတံတားအား အိန္ဒိယအစိုးရ အာသံရိုင်ဖယ်တပ်မှ မြန်မာပိုင်နက် နယ်မြေထဲ ၀င်ရောက်ကာ ဖျက်စီးခဲ့သည်ဟူသည့် UNLF  အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို အာသံရိုင်ဖယ်မှ ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ကြောင်း ၎င်းတပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

“မြန်မာနှင့် အိန္ဒိယ ပြည်သူများအကြား သပ်လျှိုဖြိုခွဲဖို့ သူပုန်အုပ်စုများ၏ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပျက်စီးရာ ပျက်စီးကြောင်း လုပ်ကြံသည့် အပေါစား ထွင်လုံးများသာ ဖြစ်သည်” ဟု ဗုဒ္ဓဟူးနေ့ထုတ် Sangai Express သတင်းစာက ဖော်ပြထားသည်။

အာသံရိုင်ဖယ် ထုတ်ပြန်ချက်တွင် “တမူး တံတားဖောက်ခွဲ ဖျက်ဆီးမှု အစီအမံသည် မဏိပူရ(ကသည်း) သူပုန် ခုနှစ်ဖွဲ့ ပူးပေါင်းထားသည့် ကော်မတီ၏ အကြံအစည် ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု လွဲမှားအောင် ဖန်တီးမှု တရပ်ဖြစ်ကြောင်း” ရှင်းလင်းဖော်ပြထားသည်။

‘တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖောက်ခွဲ ဖျက်ဆီးခဲ့သူများမှာ ကသည်း(မဏိပူရ) သူပုန် အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း’ UNLF အဖွဲ့မှ မဏိပူရပြည်နယ်ထုတ် သတင်းစာများတွင် တနင်္လာနေ့က ဖော်ပြခဲ့ခြင်းကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ ၀န်ကြီးချူပ် ဒေါက်တာ မာန်မိုဟန််ဆင်း ၂၀၁၂ ခုနှစ် မေလ က မြန်မာ နိုင်ငံသို့ လာရောက်စဉ် သူပုန်အုပ်စုများနှင့် ပတ်သတ်၍ ဆွေးနွေးမှုများ၊ နားလည်မှု စာချွန်လွှာ အချို့အား
နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဖြည့််စွက်ဖော်ပြသည်။

ထိုကဲ့သို့ ဖောက်ခွဲဖျက်ဆီးသွားသည့် သောင်းကျန်းသူအဖွဲ့မှာ မဏိပူရပြည်နယ် မှ ကသည်းလက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း ‘တမူးမြို့ စန္ဒာကူး ၃ ရပ်ကွက်တွင် ဖမ်းဆီးမိသည့် လက်နက်မျိုးစုံ ၉၆ လက်နှင့် ခဲယမ်း များမှာ ကသည်းသောင်းကျန်းသူ United National Lebration Front UNLF “ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးတပ်ဦးအဖွဲ့” ပိုင် ဖြစ်၍ ယင်းအဖွဲ့က မကျေနပ်သဖြင့် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်း
ဖြစ်ကြောင်း သိရှိရသည်’ ဟု ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ်  မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

ဆက်လက်၍ အိန္ဒိယဝန်ကြီးချူပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်း များ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှလည်း အိန္ဒိယသို့ အပြန်အလှန် လည်ပတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် အိန္ဒိယစစ်တပ် ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ၊ ယုံကြည်မှု အပြန်အလှန် တည်ဆောက်သည့် အစည်းအဝေးများ၊ မြန်မာနှင့် အိန္ဒိယ အကြား အရေးပေါ် ဖုန်းဆက်သွယ်မှု လိုင်းများ ထားရှိခြင်း၊ အရပ်ဘက်၊ စစ်ဘက် နှစ်နိုင်ငံ ဌာနဆိုင်ရာ အစည်းအဝေးများ ကြိမ်ဖန်များစွာ ပြုလုပ်ကျင်းပ မှုများကို ကြည့်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်စိတ်ချမှု မြင့်မားကြောင်း အစိုးရ ပြန်ကြားရေး ဌာန ကဆိုကြောင်း သတင်းစာက ရေးသားသည်။

မဏိပူရသူပုန် ပူးပေါင်းကော်မတီတွင်  KCP, KYKL, PREPAK, PREPAK (Pro), RPF, UNLF နှင့် UPPK of Manipur (Kangleipak) စသည့် မဏိပူရ သူပုန် အဖွဲ့ ရ ဖွဲ့ပါ၀င် ဖွဲ့စည်းထားသည်။