မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖေဖော်ဝါရီလ ရ ရက်နေ့ နံနက် ၁ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးမှုသည် မြန်မာအစိုးရသတင်းစာမှ စွပ်စွဲထားသလို ကသည်း(မဏိပူရ) သူပုန်အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း အဆိုပါ မဏိပူရသူပုန်အဖွဲ့ UNLF က သတင်းထုတ်ပြန် တုန့်ပြန် လိုက်သည်။
“နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတရပ်ဖြစ်သလို ဖြစ်ပွားရခြင်း အကြောင်းအရင်းက ရှင်းလင်းပါတယ်။ UNLF ကို အပြစ်တင်ဖို့ အိန္ဒိယ ဗဟိုအစိုးရ လုံခြံုရေးတပ်များက ပိုစတာများပေါ်တွင် ‘UNLF အဓွန့် ရှည်ပါစေ၊ ကဘော်ချိုမ့်ဝှမ်းဒေသသည် မဏိပူရီများနှင့်သာ ဆိုင်သည်’ စသည့် ရိုင်းစိုင်းသော အဓိပ္ပါယ်ပါ စာသားများရေးသားကာ ကြိုးစားခဲ့တယ်” ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်အား ကိုးကား၍ ပြည်နယ်တွင်းထုတ် Imphal Free Press သတင်းစာတွင် ရေးသားထားသည်။
“အိန္ဒိယစစ်တပ်ရဲ့ ပုံမှားရိုက် အဖျက်လုပ်ငန်း တန်ပြန်စစ်ဆင်ရေးဟာ မြန်မာပြည်သူများနှင့် မဏိပူရ ပြည်သူများအကြား သပ်လျှိုဖြိုခွဲဖို့ လုပ်တာပါ” ဟု ထုတ်ပြန်ချက်က ဖြည့်စွက် ဖော်ပြထားကြောင်း သတင်းစာက ရေးသားထားသည်။
၎င်းတို့၏ စွပ်စွဲချက်တွင် ဖေဖော်ဝါရီ ၆ ရက်နှင့် ရ ရက် ညက၊ မိုးရေးမြို့တွင် တပ်ချထားသည့် အိန္ဒိယ အာသံတပ် အမှတ် ၄၄ နှင့် အမှတ် ၂၄ တပ်များ ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော်၍ မြန်မာပိုင်နက် နယ်မြေအတွင်းသို့ ၀င်ရောက်ခဲ့ပြီး တမူးမြို့၏ မြောက်ဘက် မိုင် ၂၀ အကွာရှိ တမူး-မင်းသာ လမ်းမကြီးပေါ်ရှိ တံတားအား ဖောက်ခွဲ
ရေး အစီအမံရေးဆွဲကာ ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။
မြန်မာ့ နိုင်ငံပိုင် သတင်းစာများအဆိုအရ ဖောက်ခွဲ ဖျက်ဆီးခံရသည့် တံတားမှာ ၂၄ဝ ပေအရှည် အကျယ် ၁၂ ပေ ရှိ သံဘောင်ဘေလီ၊ နှစ်လွှာ တထပ် အမျိုးအစား တံတား တစင်းဖြစ်ပြီး ဖေဖော်ဝါရီ ရ ရက် နံနက်ပိုင်းတွင်သောင်းကျန်းသူအဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျပ် သိန်း ၃၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ ဖောက်ခွဲဖျက်ဆီးသွားသည့် သောင်းကျန်းသူအဖွဲ့မှာ မဏိပူရပြည်နယ် မှ ကသည်းလက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း ‘တမူးမြို့ စန္ဒာကူး ၃ ရပ်ကွက်တွင် ဖမ်းဆီးမိသည့် လက်နက်မျိုးစုံ ၉၆ လက်နှင့် ခဲယမ်းများမှာ ကသည်းသောင်းကျန်းသူ United National Lebration Front UNLF “ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးတပ်ဦးအဖွဲ့” ပိုင် ဖြစ်၍ ယင်းအဖွဲ့က မကျေနပ်သဖြင့် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရှိရသည်’ ဟု တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။
UNLF မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘ နှင့် ဗိုလ်အဆင့်ရှိသူ ကိုမြင့်အောင် တို့မှ အဆိုပါ လက်နက်သေတ္တာ များအား အပ်နှံထားခဲ့ခြင်းဖြစ်သည်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စာမျက်နှာတွင်ဖော်ပြခဲ့သည်။
PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF, UNLF, MNRF, KLO of Assam စသည်တို့ အပါအဝင် မြန်မာပိုင်နက်ထဲတွင် အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံလျက်ရှိကြောင်း အိန္ဒိယသတင်း စာများ တွင်ရေးသားလေ့ရှိကြပြီး အိန္ဒိယဘက်မှ ၎င်းသူပုန်များအား ပြန်လည်လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုလေ့ရှိသည်။
အိန္ဒိယ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ အဆိုအရ “UPPK နှင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာမှ ဆွေးနွေးခဲ့မှုများ လုပ်ခဲ့ ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကေဒါ ၄၅ ဦး လက်နက်အမျိုးမျိုးနှင့်အတူတိုင်းပြည်တွင်းပြန်လည်ဝင် ရောက်လာခြင်းဖြင့် အဆုံးသတ်လိုက်ပြီဖြစ်သည်” ဟု ဆိုသည်။