ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသော လူငယ်များအဖွဲ့အား မန္တလေးမြို့မှ ကချင်လူမှု အဖွဲ့အစည်းများနှင့် ကချင်ငြိမ်းချမ်းရေး ကွန်ယက်တို့မှ လူ ၅၀ ခန့်က ကချင်ရိုးရာ ဓလေ့ထုံးတမ်းအရ ကြိုဆိုပွဲ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက် ချီတက်လာသူများအား ယနေ့ နံနက် ၁၁ နာရီကျော်က သံဃာ ၁၇ ပါးနှင့် လူ ၄၂ ဦးတို့က မန္တလေး ဘုရားကြီး အရှေ့မုဂ်တွင် ကြိုဆိုခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ခံ ကိုဂျော်ဂွန်းက ပြောသည်။
“ကျနော်တို့ ကချင်ရိုးရာ ယဉ်ကျေးမှု ပလိုင်း၊ ပန်းစည်းတွေနဲ့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ငြိမ်းချမ်းရေးရချင်တဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကပါ ဒီလို အသိ စိတ်ဓါတ်ရှိရှိ၊ နိုင်ငံသား တယောက် တာဝန်အရ လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့ ကချင်လူမျိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အနေနဲ့ ကြိုဆိုခြင်း ဖြစ်ပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော်ဂွန်းက ပြောသည်။
ကချင်ပြည်နယ် မဝင်ရောက်မီ ရန်ကုန်၊ မန္တလေးမြို့မှ ကချင်လူမျိုးများက ဝမ်းသာအားရ ကြိုဆိုခြင်း ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။
ကချင်ရိုးရာဝတ်စုံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ကချင်တိုင်းရင်းသား လူမျိုးများက ဝတ်စုံအပြည့်နှင့် ကြိုဆိုခဲ့သည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့မှ ကိုဝင်းချိုက ပြောသည်။
၎င်းက “သူတို့ ပြည်နယ်ကို ငြိမ်းချမ်းရေးအတွက် လာရောက်တဲ့ အတွက် ကျနော်တို့ကို မင်္ဂလာရှိအောင် ဒီခရီးလမ်းကြောင်းမှာ ဖြောင့်ဖြောင့် ဖြူးဖြူး ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ကချင်ပြည်နယ်က လူတွေက ခရီးဦးကြိုပြုတယ်။ ဆုတောင်း ပေးကြတယ်” ဟု မဇ္စျိမကို ပြောသည်။
မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေး ရရှိသွားသည့်တိုင် ငြိမ်းချမ်းရေး အလံအား စိုက်ထူနိုင်သည် အထိ ချီတက်လမ်းလျှောက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။
ကိုဝင်းချိုက “အစိုးရနဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ရနေ ၊ လမ်းခရီးတလျှောက် ပြည်သူတွေ ကျုနော်တို့လိုဘဲ၊ ငြိမ်းချမ်းရေးကို မြတ်နိုးလာအောင်၊ ဒီစစ်ပွဲတွေဟာ ကျနော်တို့နဲ့ သက်ဆိုင်တယ်ဆိုတာ ပြည်သူတွေအားလုံး သဘောဆောင်အောင် အဲဒီအတွက် လမ်းလျှောက်တာဖြစ်တဲ့အတွက် လိုင်ဇာကို ရောက်အောင် သွားပါ့မယ်” ဟု မဇ္စျိမကို ပြောသည်။
သို့သော် ရန်ကုန်မြို့မှ ထွက်ခွာလာသော လူတချို့မှာ မောပန်းခြင်း၊ ခြေထောက် ပေါက်ပြဲနေခြင်းများ
ဖြစ်သဖြင့် နှစ်ရက်ခန့်ကြာ မန္တလေးမြို့တွင် ရပ်နားပြီးနောက် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေး လိုလားသော လူငယ်များအဖွဲ့က ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။