ငါးများ အဆိပ်ခတ် ဖမ်းယူခြင်း နောက်ဆက်တွဲ ပြဿနာများ

ငါးများ အဆိပ်ခတ် ဖမ်းယူခြင်း နောက်ဆက်တွဲ ပြဿနာများ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် သံလွင်အရှေ့ဘက်ခြမ်းရှိ စမ်းချောင်းတွေမှာ သဘာဝ အလျောက် ကြီးပြင်းနေတဲ့ ငါးတွေကို တံငါသည်တွေက အဆိပ်ခတ် ဖမ်းယူနေကြတဲ့ အတွက် ရေသတ္တဝါတွေကို ထိခိုက်စေရုံမကဘဲ အဆိပ်သင့်ငါးကို စားသုံးသူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ တာဝန်ရှိသူ တွေကပြောပါတယ်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့မြန်မာအစိုးရ တို့အကြား အပစ်ခတ် ရပ်စဲရေး ပြုလုပ်ပြီး နောက် တောလိုက်မုဆိုးနဲ့ တံငါသည်များ သိသိသာသာ များပြားလာပြီး ငါးတွေကို အဆိပ်ခတ်ဖမ်းယူမှု တွေလည်း များပြားလာတယ်လို့ KNPP ပြည်ထဲရေးဌာနမှ ဒုဝန်ကြီး ခူးညေးရယ်က ပြောပါတယ်။

ခူးညေးရယ်က "အရင်ကလည်း ရှိတယ် ဒါပေမဲ့ နည်းတယ် ဒါပေမဲ့ အခု နည်းနည်း လွတ်လပ် လာတယ်လို့ ပြောရမှာပေါ့။ ဆိုတော့ လူတွေလည်း သွားလာတာ ပိုစိတ်လာ တယ်ပေါ့။ ဆိုတော့ အဲ့ဒီလိုလုပ်တာပိုများ လာတယ်လို့ပြောလို့ ရတယ်ပေါ့။ ဒီဆွေးနွေးမှု လုပ်နေတဲ့ နောက်ပိုင်းပေါ့" လို့ပြောပါတယ်။

ယခုလို ငါးတွေကို အဆိပ်ကျွေးဖမ်းဆီးခြင်းဖြင့် ငါးအမျိုးတုံးနိုင်ရုံ တင်မက ရေထဲရှိ သတ္တဝါတွေပါ သေဆုံးပြီး ရေအရင်းအမြစ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ခူးညေးရယ်က ယခုလိုဆက်ရှင်းပြပါတယ်။

"ဆေးကျွေးတာတို့ ရှော့တိုက်တာတို့ဆိုတာ အများကြီး ထိခိုက်တယ်လေ။ ဥပမာ ရေထဲမှာ အဆိပ်ခတ်တယ် ဆေးထည့်တယ်ဆိုတော့ ငါးတစ်မျိုးထဲ မကဘူး ကျန်တဲ့ အကောင် သေးသေးလေးတွေ ရေထဲမှာနေတဲ့ သတ္တဝါတွေ ပေါ့နော်။ နောက်သူ့ မျိုးဥတွေရှိမယ် ဥပမာ ဖားဆို ဥတွေ သေးသေး ရေပေါ်မှာရှိတယ်ဆိုတော့ လျှပ်စစ်တို့တာဘဲဖြစ်ဖြစ် အဆိပ်ခတ်၊ ဆေးထည့်တာဘဲဖြစ်ဖြစ် အဲ့ဒါက ဒီ ဥတွေပါ ပျက်တယ်လေ။ အကောင် သေးတွေပါ သေတယ်ပေါ့။ တကယ့်သူတို့ ပြန်လိုက်ဖမ်းတဲ့အခါတော့ သူတို့အတွက် စားနိုင်တဲ့ အကောင်တွေပဲ ဖမ်းတယ်လေ။ မလိုအပ်တဲ့အခြား အကောင်ငယ်ငယ်တွေပါ သေတော့ ရေရှည်အတွက် ဒီလိုဆက်လုပ်မယ်ဆိုရင် သူ့ဟာ အမျိုးတုံးသွားနို်င်တယ်လေ"

ငါးတွေကို အဆိပ်ခတ် ဖမ်းခြင်းအားဖြင့် အလွယ်တကူ ရနိုင်သလို အကောင်ရေလည်း များများ ရနိုင်တဲ့အကြောင်း တံငါသည်တဦးက အခုလို ပြောပြပါတယ်။

"အဆိပ်ပြင်းတဲ့ ဆေးတစ်မျိုးကို ငါးအစာနဲ့ရောနှောပြီး ကျွေးရင် မိနစ်ပိုင်းအတွင်း ငါးတွေမူးပြီး မလှုပ်ရှားနိုင်ဘဲ အလွယ်တကူဖမ်းဆီးပြီး အူတွေကို အမြန်ထုတ်ရတယ်။ အဲ့ဒီအဆိပ်စားမိတဲ့ ငါးတွေနဲ့ သာမာန် ငါးသေကောင်တွေရဲ့ ကွာခြားမှုကတော့ အဆိပ်သင့်ငါးတွေက ပုတ်သိုုးမြန်ပြီး အသားလည်း သာမာန်ငါးတွေထက် ပျော့ပျောင်းတယ် ပွလည်းပိုပြီးပွတယ်"

ရပ်ရွာတွေထဲမှာ အလွယ်တကူရနိုင်တဲ့ အဆိပ်ဆေး တွေကတော့ ပိုးသတ်ဆေးနဲ့ ကြွက်သတ်ဆေး တွေဖြစ်ပါတယ်။ အခုငါးတွေကို ခတ်တဲ့အဆိပ်ဟာ ဘယ်လို အဆိပ်ဆေးဖြစ်တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် အဆိပ်သင့်ငါးတွေကို စားမိခြင်းအားဖြင့် အသက်ငယ်ရွယ်စဉ်အချိန်မှာ မသိသာပေမယ့် အသက်ကြီးလာတဲ့ အခါမှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

အပစ်ခပ်ရပ်စဲရေး ယူပြီးတဲ့ကာလ အတောအတွင်း သံလွင်အရှေ့ခြမ်းမှာ အမဲလိုက်ခြင်းနဲ့ ဟင်းရှာထွက်သူ များပြားလာတဲ့အတွက် KNPP အစိုးရက အတည်ပြုပြဌါန်းထားတဲ့ တောရိုင်း တိရိစ္ဆာန်များနှင့် သဘာဝ ပေါက်ပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေ၊ သစ်တောဥပဒေများနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာမှ ဇန်နဝါရီလ ၂၂ ရက်နေ့က အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ရုံးအမိန့်စာအမှတ် (၀၀၃/၂၀၁၃) အရ လုံးဝကာကွယ်ထားတဲ့ တောဆင်၊ တောနွား၊ တောကျွှဲ(စိုင်)၊ ကျားအမျိုးမျိုး စတဲ့တောရိုင်း တိရိစ္ဆာန်များကို အမဲလိုက်ရာမှာ ပစ်ခတ်ကျူးလွန်ပါက ပုဒ်မ ၂၁ အရ ထောင်ဒဏ် (၇) နှစ်သော်လည်းကောင်း၊ ရာသီအလိုက် ကာကွယ်ထားတဲ့ ဆတ်၊ တောကြောင် အမျိုးမျိုး၊ မြောက်လေပွေ၊ ဒရယ်၊ ဥသြငှက်မျိုးများစတဲ့ တောရိုင်း တိရိစ္ဆာန်များကို အမဲလိုက်ရာမှာ ပစ်ခတ်ကျူးလွန်ပါက ပုဒ်မ (၂၀) အရ ထောင်ဒဏ် (၅) နှစ်ထိ ချမှတ်ခြင်းခံရမယ်လို့ ဖေါ်ပြထားပါတယ်။