နမ့်ခမ်းလူသတ်မှုကို တရားမျှတစွာဆောင်ရွက်ပေးရန် ကျားဖြူပါတီဥက္ကဌ တိုက်တွန်း

နမ့်ခမ်းလူသတ်မှုကို တရားမျှတစွာဆောင်ရွက်ပေးရန် ကျားဖြူပါတီဥက္ကဌ တိုက်တွန်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ပေါက်တိုက်ရပ်ကွက်၌ ယခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော လူသတ်မှု အပေါ် တရားမျှတ စွာဆောင်ရွက်ပေးရန် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက  တိုက်တွန်းပြော ကြားခဲ့ကြောင်း နမ့်ခမ်းကျားဖြူပါတီထံမှ စုံစမ်းသိရှိရသည်။

“ကျနော်တို့ဥက္ကဌက သျှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ခရိုင်၊ ပြည်နယ်ရုံး တွေဆီကို ဖုန်းဆက်တောင်းဆို လာတယ်။ လူသတ်မှုကို တရားမျှတစွာ ဆောင်ရွက်ပေးဖို့ပေါ့။ ကျနော်တို့ ကျားဖြူပါတီ အနေနဲ့တော့ တရားလိုဘက်က လိုအပ်တဲ့ အကြံအဉာဏ်တွေ ကူညီပေးပါပြီ၊ တရားစွဲလို မစွဲလိုတာကတော့ တရားလို ဘက်ကပဲ ဆိုင်ပါတယ်၊ ဒီလူသတ်မှုတော့  မသေမချင်း သတ်ဖြတ်တဲ့ လူသတ်မှု ဖြစ်ပါတယ်။ ” ဟုကျားဖြူပါတီဝင်တစ်ဦးကပြောသည်။

နမ့်ခမ်းဒေသခံများအနေဖြင့် ၄င်းလူသတ်မှုကို တရားမျှတစွာ မဆောင်ရွက်ပါက ရခိုင်အဓိကရုဏ်းကဲ့သို့  ဖြစ်လာမည်ကို စိုးရိမ်နေမိကြောင်း၊ ယခုပင်လျင် တောင်းဆိုသကဲ့သို့  အာဏာပိုင်များဘက်မှ တရားမျှတစွာ မဆောင်ရွက်ပေးခဲ့ပါက ဆန္ဒပြကြရန် လူငယ်များစီစဉ်နေသည်ဟုလည်း ဒေသခံလူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

သတ်ဖြတ်မှုတရားခံမှာ ငွေနဂါးသောက်ရေသန့်ပိုင်ရှင် ဦးထွန်းမြင့်(ကွယ်လွန်) ဒေါ်စိန်မေတို့၏သား ရဲအောင်ထွေး (ခ) လိဖန်၊ ပြည်နယ်လွှတ် တော်ကိုယ် စားလှယ်ဦးကျော်မြင့် (ပန်းဆေးပြည်သူ့စစ်ခေါင်း ဆောင်) ၏တူ တော်စပ်ပြီး အသတ်ခံ ရ၍ သေဆုံးသွားခဲ့သော လူငယ်မှာလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအိုက်ပေါင်း (ကျားဖြူပါတီ ဥက္ကဌ) သတ္တုတွင်း ၀န်ကြီး၏မြေး  ဖြစ်သည်ဟု ၄င်းကဆိုသည်။ စိုင်းအိုက်လိန်၏မိခင် နန်းဌေးမှာ စိုင်းအိုက်ပေါင်း၏ တူမ ဖြစ်ကြောင်းလည်း အဆိုပါလူငယ်က ဆက်လက်ပြောဆိုသည်။

“သူတို့ပြဿနာဖြစ်တာကတော့ ပွဲအပြင်ဘက် ဆိုင်ကယ်အပ်တဲ့နေရာနားမှာပါ။ အဲဒီ့အချိန်မှာ လုံခြုံရေး တွေရှိနေတော့ ဘာပြဿနာကြီးကြီးမားမားမဖြစ်ခဲ့ရဘူး၊ လူသတ်မှုဖြစ်တာကတော့ ပေါက်တိုက်ရပ်ကွက် ထဲမှာပါ အဲနေ့က ပေါက်တိုက်ရပ်ကွက်မှာ လုံခြုံရေး မထားတာတွေ့ရတယ်” ဟု နမ့်ခမ်း မြို့ ရပ်ကွက်အုပ်ချုပ် ရေးမှုး တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ရှိ ရပ်ကွက်တိုင်း ၅-၆-၇ ရက်နေ့များတွင် ရပ်ကွက်အတွင်း ကိုယ့်အားကိုယ်ကိုးလုံခြုံရေး ကင်းလှည့်ရမည်ဟု သျှမ်းပြည် နယ်နေ့ပွဲ ဖြစ်မြောက်ရေး အစည်းအဝေးကတည်းက ကြေငြာထားကြောင်း၊ ထိုအစည်းအဝေးသို့ ပေါက်တိုက် ရပ်ကွက်အုပ်ချုပ်ရေးမှုး ကိုယ်တိုင်လဲ  တက်ရောက်ကြောင်း၊ သို့သော် အခင်းဖြစ်ပွါးသည့် အဆိုပါ ၆ ရက်နေ့က ပေါက် တိုက်ရပ်ကွက်၌ လုံခြုံရေး ချမထားသည်ကိုတွေ့ရကြောင်း  ထိုအုပ်ချုပ်ရေးမှုးကဆို သည်။

“မနေ့က ညနေပိုင်းမှာတော့ အခင်းဖြစ်ပွါးတုန်းက ပါဝင်တဲ့ မျက်မြင်သက်သေတစ်ယောက်ကို နမ့်ခမ်းရဲ စခန်း ကနေ  ခေါ်ယူမေးမြန်းတယ်၊ သူက ပြစ်မှုကျူးလွန်သူအားလုံးကို လက်ညိုးထိုးပြောပြ နိုင်ခဲ့တယ်၊ အစတုန်း က ဖမ်းမိတဲ့တရား ခံတစ်ယောက်ကို တာဝန်ရှိသူတွေကစစ်တော့ လက်သည်ဟာ ဓါးနဲ့ခုတ်တာမဟုတ်ပါဘူး တဲ့ ခါးပတ်နဲ့ရိုက်တာပါတဲ့။ မဝန်ခံဘူးလေ။ ဆေးစာမှာလည်း သူပြောသွားတဲ့အတိုင်းဘဲ ရေးတယ်။  အမှန်က ကျောပြင်မှာ ဒဏ်ရာက ပေါက်နေတာ။ အဲတာကို ဆေးစာမှာမပါလို့ဆိုပြီး ဒီနေ့ အလောင်းကိုပြန်ဖော်ပြီး ဆေးစာပြန်ရေးမယ် လို့ စီစဉ်နေကြတယ်။ နယ်ထိန်းရဲ ၂ ယောက်ကတော့  နက်ဖြန် အထက်က လူကြီး တွေရောက်လာမှ လူအများရှေ့မှာ အလောင်းပြန်ဖော်မယ် လို့အကြံပေးတယ်။  ခုရမ်းတမ်းပြီး ကိုယ့်ဟာကို သွားထုတ်လာရင် ကိုယ့်ဘက်က မှန်နေပေမယ့်   အမှားဖြစ်သွားနိုင်တယ် လို့ပြောတယ်။ ဒီနေ့ မှာတော့ သင်္ချိုင်းကုန်းကို စစ်တပ်ဘက်က တရားဝင် သွားထိန်းချုပ်ထား လိုက်တယ်။ ရဲစခန်းကိုလည်း (ပန်းဆေး) ပြည်သူ့စစ်တွေ ဝင်ထွက်သွားလာနေတာ ပွဲကျနေတာဘဲ” ဟု သေ ဆုံးသူ၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

အလောင်းဖော်ရန်အတွက် ပေါက်တိုက်ရပ်ကွက်မှလူငယ် အယောက် ၃၀ ကျော် အသုဘအိမ်တွင် သွားရောက် စောင့်ဆိုင်း နေစဉ် မြို့နယ်ရဲများက  မနက်ဖြန်မှ အလောင်းတူးဖော်ကြရန် ချိန်းဆိုလိုက်ကြောင်း၊ အလောင်းအား တရားခံဘက်မှ ဖျောက်ပစ်မည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း ပေါက်တိုက်ရပ်ကွက် လူငယ်တဦးကလည်းပြောသည်။

“ကျနော်တော့ ဒီအမှုကို တရားမျှတစွာဖြစ်စေ ချင်တယ်ခင်ဗျ။ ငွေပေးပြီးအမှုနိုင်တယ်ဆိုတဲ့ စစ်အာဏာရှင် ခေတ်တုန်း ကလို မဖြစ်စေချင်ဘူး ။ အခုလဲ ငွေရှင်တွေက အင်အားတောင့်တော့ အလောင်းပြန်ဖော်မယ်လို့ သတင်းတွေထွက်နေတုန်း အလောင်းသွားဖျောက်လိုက်မှာကိုလူတွေက စိုးရိမ်နေကြတယ်လေ။” ဟု ပေါက် တိုက်ရပ်ကွက် လူငယ်တစ်ဦးကပြောသည်။

ဓါးထိုးသတ်ဖြတ်ခံရသော ပေါက်တိုက်ရပ်ကွက်နေ စိုင်းဆမ်(ကောင်လွန်)၊ နန်းဌေး ၏သား စိုင်းအိုက်လိန် သည် မျက်နှာ ၊ ဦးခေါင်းတို့၌ ပေါက်ပြဲဒဏ်ရာရှိပြီး ကျောပြင်၌လည်း ဓါးစိုက်ဝင်ထားသော အပေါက်နှင့် လက်တစ်ဖက်ပေါက်ပြဲ ဒဏ်ရာများ သက်သေအဖြစ်ရှိနေကြောင်း  မိသားစုနှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။

ထို့အပြင် ပြစ်မှုကျူးလွန်သော တရားခံ ၄ ဦးအနက် တစ်ဦးတည်းသာဖမ်းမိပြီး ကျန် ၃ ဦး မှာတရုတ် ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း ၄င်းတရားခံများအား ဆက်လက်ဖမ်းဆီးနိုင်ရေး အတွက် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်း ထံမှသိရှိရသည်။

Most read this week