ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ ဒေသခံများ အသုံးပြုနေသည့် ချောင်းရေအား စီးပွားရေး လုပ်ငန်းရှင်တဦးက တည်းခိုခန်း ဆောက်လုပ်ရန် ရေသွယ်ယူမည့် အပေါ်ဒေသ ခံပြည်သူများက ကန့်ကွက် လိုက်သည်။
ယင်းတည်းခိုခန်းအား ဦးမျိုးမြင့်ဆိုသူက ဆောက်လုပ်မှာဖြစ်ပြီး ကန်ပက်လက်မြို့ပေါ် အုတ်ဖိုရပ်ကွက်နှင့် မကျောက်အား ကျေးရွာ အထက်နားရှိ ရေစမ်းဦးချောင်းရေအား သွယ်ယူအသုံးပြုရန် စီစဉ်နေကြောင်း ဒေသခံ တဦးက အခုလို ပြောဆိုသည်။
“ရေစမ်းဦးချောင်းက ရေအားလုံး သွယ်ယူမှာဖြစ်တယ်၊ အနာဂါတ်မှာ ဒေသခံတွေအတွက် စိုးရိမ် ရပါတယ်” ဟု ပြောဆိုသည်။
ရေစမ်းဦးချောင်းရေအား ဒေသခံများက ကာကွယ် ထိန်းသိမ်း စောင့်လျှောက်ထားပြီး သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ နီးစပ်ရာ မြို့မိမြို့ဘ တဦး၏ ခွင့်ပြုချက်ဖြင့် သွယ်ယူခြင်းဖြစ် ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
“ဦးမျိုးမြင့်က ကန်ပက်လက်မြို့ပေါ်က မြို့မိမြို့ဖ ဦးမြမောင်၏ ခွင့်ပြုချက်အရ လုပ်ဆောင် ခြင်းဖြစ်တယ်လိုု့ အကြောင်း ပြတာ၊ အဲဒါက ဦးမြမောင်နဲ့ မဆိုင်ဘူး။ အာဏာပိုင်၊ ဒေသခံ ပြည်သူတွေနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်” ဟု ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အုတ်ဖို၊ ၁၀ မိုင်ကုန်း၊ ကြက်ခြံ ကျေးရွာများမှ ဒေသခံ (၆၃) ဦးက ကန့်ကွက် လက်မှတ်ရေးထိုး၍ အရေးယူဆောင်ရွက်ပေးရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ယခုလ ပထမ အပတ်က တင်ပြထားကြောင်း သိရသည်။
အဆိုပါ တင်ပြစာအား မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး တို့ထံ မိတ္တူပေးပို့ထားကြောင်း သိရသည်။
ထို့အပြင် ရေသွယ်ယူရေး လုပ်ငန်းလုပ်ကိုင်နေသည့် အလုပ်သမားများ ရောက်ရှိ လာပြီးနောက် ဒေသတွင်း ပစ္စည်းပျောက်ဆုံးမှုများ ဖြစ်ပေါ်နေသလို ဓါးထိုးမှုများ မကြာခန ဖြစ်ပွားနေကြောင်း အဆိုပါ ကန့်ကွက်စာတွင် ရေးသား ဖော်ပြထားသည်။