လွှတ်တော် ဥက္ကဋ္ဌ ကချင်ခရီးစဉ်၌ ငြိမ်းချမ်းရေး ကိစ္စအဓိကဖြေရှင်းရန် ဒေသခံများ တောင်းဆို

လွှတ်တော် ဥက္ကဋ္ဌ ကချင်ခရီးစဉ်၌ ငြိမ်းချမ်းရေး ကိစ္စအဓိကဖြေရှင်းရန် ဒေသခံများ တောင်းဆို
by -
မဇ္ဈိမ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကချင်ခရီးစဉ်တွင်ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ ပြည်သူများက တောင်းဆိုခဲ့ကြသည်။

လွှတ်တော် ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် ခရီးစဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး မြစ်ကြီးနား၊ ပူတာအိုနှင့် မိုးညှင်းမြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းသည် အမျိူးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု လုပ်ငန်းများ
ဆောင်ရွက်ရန် ကချင်ပြည်နယ်သို့ သွားရောက်၍ ပြည်သူ့အသံနားထောင်ခြင်း ဖြစ်သည်ဟု မြစ်ကြီးနား မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ဆုံစဉ် ပြောကြောင်း မြစ်ကြီးနားဒေသခံ ဒေါ်ဂျာဆိုင်းခွန်က မဇ္စျိမကို ပြောသည်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတာလည်း အခုထက်ထိ အကောင်အထည် မဖော်သေးဘူး။ ကချင်ပြည်သူတွေက အရှုံးတွေချည်းပဲ ဖြစ်နေတဲ့ အကြောင်းတွေ တင်ပြပါတယ် ” ဟု ဒေါ်ဂျာဆိုင်းခွန်ကပြောသည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၁၉ ရက်နေ့က ထိုးစစ်ရပ်ရန် ကြေငြာခဲ့သော်လည်း လက်တွေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် အဓမ္မစစ်သား စုဆောင်းခြင်း အပါအဝင် အမျိူးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပစ္စည်းလုယူခြင်းများနှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းဘေးရှိ ကချင် ရွာကြီးတခု ဖြစ်သည့် နမ့်ဆန်ယန်ရွာအား မီးရှို့ခြင်းများကို ခုံရုံးတင် စစ်ဆေး၍ ထိုက်သင့်သော ပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့သည်ဟု ဒေါ်ဂျာဆိုင်းခွန်မှ ပြောသည်။

ထို့အပြင် စစ်တပ်က ဒေသခံ အမျိူးသမီးများ အပေါ် အဓမ္မမှု ကျူးလွန်ပြီးသော်လည်း ပြည်လည်ငြင်းဆန်လေ့ရှိသလို ကျူးလွန်ခံရသည့် မိသားစုများက ၀န်ကြီးချုပ်ထံ တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း ဆက်လက် ငြင်းဆန်နေဆဲဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “ဥက္ကဋ္ဌကတော့ အထက်က အကြောင်းအရာတွေကို အချင်းချင်း အပြစ်ဖို့ နေရင်တော့ ပြီးမှာ မဟုတ်ဘူးတဲ့။ အတိတ်ကဟာကို သင်ခန်းစာယူပြီး လုပ်ဆောင် သွားဖို့ကြိုးစားနေတယ်” ဟု ပြောဆိုကြောင်း ဒေါ်ဂျာဆိုင်းခွန်က ပြောသည်။

လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ တပ်မတော်ဘက်မှ အဆင့်မြင့်အရာရှိများ လိုက်ပါခဲ့သလို ကချင်အမတ်များနှင့် တိုင်းရင်းသား အမတ်များ ပါ၀င်ခဲ့သည်။

ဥက္ကဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မိုးညှင်းမြို့ စိမ်းလဲ့ရတနာ ခန်းမ၌ မိုးညှင်း၊ အင်းတော်ကြီး၊ မိုးကောင်း၊ ဖားကန့် စသည့်ဒေသခံ တစ်ထောင်ခန့်နှင့် တွေ့ဆုံခဲ့သေးသည်။

ယင်းတွေ့ဆုံပွဲ၌ ဒေသခံများ၏ မေးမြန်းချက်နှင့် ပတ်သက်၍ “ဒီမှာက ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေရတဲ့ အကြောင်းပြောတော့ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်မှာလည်း ငြိမ်းချမ်းရေး ကိစ္စကို ဆွေးနွေးမှုတွေ ရှိတဲ့အကြောင်း ပြန်ဖြေတယ်။ ကတိပြုတာမျိူးတော့ မပြောပါဘူး ” ဟု မိုးညှင်းမြို့ရှမ်းနီ (တိုင်းလျန်) ဖွံဖြိုးတိုးတက်ရေး ပါတီမှ ဗဟိုကော်မတီဝင် ဦးကျော်ထွေးက မဇ္စျိမကိုပြောသည်။

မိုးကောင်းနှင့် ဖားကန့်အတွက် ကြားဖြတ်ရွေးကော်ပွဲ လုပ်ရန်ရှိ၊ မရှိ မိုးညှင်းမြို့ဒေသခံတစ်ချို့မှမေးမြန်းမှုကို သူရဦးရွှေမန်းက လုပ်ပေးရန်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင်ဒေသခံများမှ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ ပညာရေးကိစ္စများ တောင်းဆိုခဲ့သည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ညှိုနှိုင်းကာ ကြိုးပမ်းပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေသခံများမှ ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဖေဖော်ဝါရီ ၉ ရက် နှင့် ၁၀ ရက်တို့တွင် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်တွင် ပူတာအိုမြို့ ၊သူကြီးရပ်ကွက်ရှိ ကန်မိုင်ကောင်း ကယ်ဆယ်ရေး စခန်းအား သွားရောက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ သတင်းသမား ကိုကျော်မျိူးမင်းကပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆွတ်ငိုင်တောင် နှစ်ခြင်းအသင်းသို့ သွားရောက်ခဲ့ပြီး မိုးညှင်းမြို့တွင်
နေ့လည် ၁၁ နာရီမှ မွန်လွဲ ၁ နာရီအထိ လူထုနှင့် တွေ့ဆုံ ခဲ့ကြောင်း သတင်းသမား ကိုကျော်မျိူးမင်းက ပြောသည်။

Most read this week