ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လေးဝါးစခန်းနေရာ၌ ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီး အစည်းအရုံး- KWO ညီလာခံကို ဖေဖော်ဝါရီလ ၁ ရက်မှ ၈ ရက် နေ့အထိ ပြုလုပ်ကျင်းပ ပြီးစီးခဲ့သည်။
ညီလာခံတွင် ခရိုင် ရ ခုမှ ကိုယ်စားလှယ်များ၊ အထူးဒေသမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း (၁၃၈) ဦး တက်ရောက်ခဲ့ကြပြီး လုပ်ငန်းစဉ် များ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြည့်စွက်ပြင် ဆင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ခဲ့ကြသည်ဟု KWO မှ ယမန်နေ့ က ကြေညာချက်ထုတ်ပြန်ထားသည်။
KWO ၏ ပြောခွင့်ရသူ ဗဟိုအမြဲတမ်း ကော်မတီဝင် နော်ဘလူးမင်းနိုက်ဇန်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမတို့ အဓိက ပြန်လည်ပြင်ထားတာက KWO မှာ အလုပ်အမှုဆောင် အရွေးခံရတဲ့ ဗဟို၊ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာ စတဲ့သူတွေဟာ အခြားအဖွဲ့အ စည်းမှာ ၀င်ရောက်လုပ်ဆောင်မှု မလုပ်ရဘူး။ KWO မှာ အချိန်ပြည့် အလုပ်လုပ်ရမယ်။ အဲဒါ ဖြည့်စွက်ထားတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ဆက်လက်၍ စည်းရုံးရေး ဆင်းရာတွင်လည်းကောင်း၊ သတင်းအချက်အလက် ကောက်ယူရာတွင် လည်းကောင်း သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ အလုပ်အမှု ဆောင်ထဲ၌ အရေးကြီးသည့် စည်းရုံးရေး၊ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ခံ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ အဆင့်တိုင်း တာဝန်ခံပုဂ္ဂိုလ် ထားရှိ ခြင်းတို့ကို ဖြည့်စွက်ပြင်ဆင်ခဲ့ သည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ပြောဆိုသည်။
ထို့အပြင် လက်ရှိ နိုင်ငံရေး အခြေအနေ လေ့လာသုံးသပ်ခြင်းနှင့် ဒုက္ခသည်များအား နေရာပြန်လည် ချထားရေးလုပ်ငန်း၌ အမျိုးသမီး များ ပါ၀င်ခြင်းတို့ အပါအဝင် ကရင်အမျိုးသား အစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့ အကြား ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုတွင် ကောင်းကျိုးရလဒ်များ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ဆက်လက် တည်ရှိနေမှု စသည်တို့ကို KWO က ဆွေးနွေးခဲ့ ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
နော်ဘလူးမင်းနိုက်ဇန်က “အပစ်ရပ်ကာလဆိုတော့ ဒေသခံတွေ သွားလာမှု လွတ်လွတ်လပ်လပ် ရှိလာတာပေါ့။ ဒါပေမယ့် KNU ထိန်းချုပ်တဲ့ တပ်မဟာ ၂၊ ၅၊ ၆ နဲ့ ရ တို့တွေမှာ အစိုးရတပ်တွေ ရိက္ခာပို့မှုတွေ အရင်ကထက် ပေါ်ပေါ်တင်တင် လုပ်လာတယ်။ နောက် တပ်အင်အားလည်း လျော့သွားတာ မရှိသေးတဲ့အတွက် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ် လို့ မြို့နယ်၊ ခရိုင်တွေက KWO ကိုယ်စားလှယ်တွေ တင်ပြတာ ရှိတယ်” ဟု ပြောသည်။
ညီလာခံတွင် KWO ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးရွေးချယ်ခဲ့ရာ နန်းဒါးအဲ့ကလယ်(ဥက္ကဌ)၊ နော်ဖောဒေးတိုး (ဒု ဥက္ကဌ)၊ နော်ကညောဖော(အထွေထွေအတွင်းရေးမှူး)၊ နော်တာမလာစေ (တွဲဘက် အတွင်းရေးမှူး-၁)နှင့် နော်စေးယိုဖော (တွဲ ဘက်အတွင်းရေးမှူး-၂)တို့ကို ရွေးကောက်တင်မြှောက် ခဲ့ကြသည်။
ထို့အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် နော်ဒါးဒါး (လူမှုရေးဌာန)၊ နော်အဲ့တမွီဖော (ကျန်းမာရေးဌာန)၊ နော်လူးလူမောင် (ပညာရေးဌာန)၊ နော်ဖောလေးသော (စည်းရုံးရေးနှင့် ပညာပေးရေးဌာန)၊ နော်ရွှေဖော (ဘဏ္ဍာရေးဌာန)နှင့် နော် ဒါးမူ့ (စာရင်းစစ်ဌာန)တို့ကို ရွေးချယ်ခဲ့ကြသည်။
ညီလာခံ(ကွန်ဂရက်) နောက်ဆုံးဖြစ်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တာဝန်မှ အနားယူသွားသည့် KWO ဥက္ကဌဟောင်း နော်လားဖိုး(ဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီး)အား ဂုဏ်ပြုခြင်း၊ ဗဟိုအမြဲတမ်း ကော်မတီဝင် ဟောင်းအချို့နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ဂုဏ်ပြုခြင်း အစီအစဉ်များကိုလုပ်ဆောင် ခဲ့ကြသည်။
KWO သည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်ခံရမှုများ ပပျောက်ရေးအတွက် ရည်ရွယ်၍ ၁၉၈၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၌ KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောတွင် စတင် ဖွဲ့စည်း ခဲ့ပြီး လေးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလေ့ရှိသည်။