ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်မြောက်ရေးဆွေးနွေးပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ကမကထ ပြု၍ တောင်ကြီးမြို့တွင် ကျင်းပရာ နိုင်ငံရေးအင်အားစုများ အသင်းအဖွဲ့များ အင်အား ရာကျော် တက်ရောက်ခဲ့ကြကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။
“ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ်ကို လာမယ့် မတ်လမှာ လုပ်မယ်။ အဲဒီအခါကျရင် လုပ်မယ့် လုပ်ငန်းစဉ်နဲ့ ရည်ရွယ်ချက်ကို ကျနော်တို့အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် က ရှင်းပြတယ်။ အဲဒီမှာ တက်လာတဲ့ ပရိသတ် ၁၅၀ ကျော်ထဲက လူ ၁၅ ယောက်ကနေ အမြင်အမျိုးမျိုး တင်ပြကြ တယ်။ ရွှေပြည်အေး အဖွဲ့တို့ ရလလဖ အဖွဲ့တို့ အထူး ဆွေးနွေးတယ်။” - ဟု ပြောခွင့်ရ စိုင်းလိတ် က ပြောဆိုသည်။
ယနေ့ဖေဖော်ဝါရီ ၈ ရက်နေ့ တောင်ကြီး ၌ ကျင်းပသောအဆိုပါ ဆွေးနွေးပွဲသို့ တောင်ကြီးအခြေစိုက် သျှမ်းနိုင်ငံရေး အင်အားစုများ၊ အင်း၊ ဓနု၊ ကယား ပအိုဝ်း အစရှိနိုင်ငံရေးပါတီအဖွဲ့အစည်းများ ၊ စာပေယဉ် ကျေးမှုအဖွဲ့များ၊ အဲန်ဂျီအို အဖွဲ့အစည်းမှ စာဖတ်အသင်း၊ စာကြည့်တိုက်အသင်း၊ လူငယ်အင်အားစု များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“အဲဒီတင်ပြချက်တွေထဲမှာ (၁) အချက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ရဲ့ အမြင် (၂) ယုံကြည်မှု တည် ဆောက်ခြင်းဆိုင်ရာ သဘောသဘာဝတွေကို တင်ပြတယ်။ နောက်တချက်ကတော့ဖက်ဒရယ် အရေးကို တက်ကြွ လှုပ်ရှားကြတဲ့ တောင်ကြီးမြို့နယ် ဗမာတိုင်းရင်းသား ၀ါရင့်နိုင်ငံရေးသမားများ က ဖက်ဒရယ်နဲ့ပတ်သက်ပြီး ၀င်ရောက် ဆွေးနွေးကြတယ်။ ဒီကနေ့ ဆွေးနွေးပွဲရဲ့ ရလဒ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်တာကို တောင်ကြီးမြို့နေ ပြည်သူလူထုတရပ်လုံးက ၀မ်းသာအယ်လဲ ကြိုဆိုကြတယ်” - ဟု စိုင်းလိတ်ကပြောသည်။
ဆွေးနွေးပွဲမှ ဘုံသဘောတူညီချက်တခု ထုတ်နုတ်နိုင်ခဲ့ရာ ၄င်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဧကန်မုချ ပြင်ဆင်ရ မည်ဟူသည့်အချက် ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မတ်လအတွင်းကျင်းပမည့် ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲအတွက် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးနှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ကိုယ်တိုင် သျှမ်းပြည် နှင့်ကယားပြည် အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ယခုကဲ့သို့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။