စပါးခွံကို ထင်းချောင်း အဖြစ် ပြောင်းလဲနိုင်သည့် နည်းပညာ စမ်းသပ်အောင်မြင်

စပါးခွံကို ထင်းချောင်း အဖြစ် ပြောင်းလဲနိုင်သည့် နည်းပညာ စမ်းသပ်အောင်မြင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စပါးခွံကို ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာ တရပ်ကို စမ်းသပ် အောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။

စပါးခွံကို ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာကို စမ်းသပ်အောင်မြင်သူမှာ စစ်တွေမြို့မှ ဆားလုပ် ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်းဖြစ်သည်။

Sittwe-fire-wood-factory

“ကျွန်တော်တို့ ရခိုင်ပြည်မှာ သစ်တောတွေ ပြုန်းတီတဲ့ အတွက် ထင်း အခက်အခဲ ရှိတယ်။ ဒီအခက်အခဲ ပြဿနာကို ဘယ် လို ဖြေရှင်းရင်ကောင်းမလဲဆိုပြီးတော့ ဘင်္ဂလာဒေ့ချ် နည်းပညာကို အတုယူပြီးတော့ ဆားလုပ်ငန်းက ၀န်ထမ်းတွေ၊ သစ်တောဝန်ကြီး ဦးအောင်သန်းတင်တို့နဲ့ ပူးပေါင်းပြီး စမ်းသပ် ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။” ဟု ဦးသန်းဝင်းက နိရဥ္စရာသို့ ပြောသည်။

စပါးခွံမှ ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စစ်တွေမြို့ စက်မှု ရပ် ကွက်တွင် စတင်စမ်းသပ်ရာမှ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယခု စမ်းသပ် အောင်မြင်ခဲ့သော စပါးခွံမှ ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာသည် ရခိုင်ပြည်သူ များအတွက် တစုံတရာ အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးသန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ထင်းမရှိလို့ အခက်အခဲရှိနေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အခုလို စမ်းသပ် အောင်မြင်လိုက်တာဟာလဲ ကျွန်တော်တစ်ယောက်တည်း ကောင်းစားဖို့ မဟုတ်ဘူး၊ ရခိုင်ပြည်မှာ ထင်းရှားပြီး စပါးခွံက ပေါများတဲ့အတွက် အခုလို စပါးခွံတွေကို ထင်းချောင်းလုပ်ပြီး အသုံးပြုနိုင်ခဲ့ရင် အဆင်ပြေနိုင်ပါတယ်။ တခြားနေရာတွေမှာ တည်ထောင်မယ်ဆိုရင်လဲ ကျွန်တော်တို့ လိုက်တည်ပေးဖို့ အဆင်သင့် ရှိပါတယ်။”

စပါးခွံဖြင့် ထင်းချောင်းအဖြစ် ထုတ်လုပ်သည့် နည်းပညာကို လွန်ခဲ့သော ၃ နှစ်ခန့်ကပင် ဘင်္ဂလာဒေ့ချ်နိုင်ငံ မှတဆင့် ယူ ကာ စပါးခွံကို လျှပ်စစ်ကွိုင်ဖြင့် အပူပေးပြီး ထုတ်လုပ်သည့် နည်းကို စတင်စမ်းသပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း တင်းနှင့် မီးသွေး ရှားပါးလာမှုကြောင့် ယခုကဲ့သို့  စပါးခွံမှ ထင်းချောင်းအဖြစ် အသုံးပြုနိုင်သော နည်းပညာကို တီထွင် လုပ်ကိုင် လာနိုင်ခြင်းကြောင့် စပါးခွံထင်း တစ်ပိဿာကို မြန်မာကျပ်ငွေ ၁၀၀ ကျော်ဖြင့် မကြာမှီ စျေးကွက်အတွင်း ရောင်းချနိုင်မည်ဖြစ်သည်ဟု ဦးသန်းဝင်းက ပြောသည်။

ယခုအခါ စစ်တွေမြို့တွင် တစ်ပေခန့်ရှည်သော ထင်းချောင်း ၈ ချောင်းပါ ထင်းတစည်းကို ကျပ်ငွေ ၂၀၀၊ မီးသွေး တစ် ပိဿာကို ကျပ်ငွေ ၄၀၀ ရှိပြီး အဆိုပါ ထင်းနှင့် မီးသွေးများကို တောင်ကုတ်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များမှ ၀ယ်ယူ သုံးစွဲနေကြရသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် စပါးခွံမှ ထင်းချောင်းအဖြစ် ထုတ်လုပ်သော နည်းပညာကို ဘင်္ဂလာဒေ့ချ်နိုင်ငံ ရာမူ (ခေါ်) ပန်းဝါ ဒေသမှ စတင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ပန်းဝါ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ဘင်္ဂလာဒေ့ချ်နိုင်ငံမှာ ၁၉၈၈ ခုနောက်ပိုင်းမှာ နိုင်ငံခြား NGO တွေက ဘင်္ဂလာဒေ့ချ်ကို ရောက်လာကြတဲ့ ဘင်္ဂလီ ဒုက္ခ သည်တွေကို လုပ်ကိုင်စားသောက်ဖို့အတွက် အဲဒီပညာကို စပြီး လုပ်ကိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ် NGO ဆိုတာကို တော့ မမှတ်မိတော့ဘူး။ အဲဒီက တဆင့် ပန်းဝါဒေသမှာ စပြီးလုပ်ကိုင်လာကြတာဖြစ် ပါတယ်။ စပါးခွံတွေကို ဘယ်လို ဆေးပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်တာလဲဆိုတာကိုတော့ ကျွန်တော်တို့လဲ မသိပါဘူး။ ဒါပေမယ့် အခုတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်”  ဟု ဆိုသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံ ဒက္ကားမြို့တော် အပါအဝင် မြို့ကြီးများတွင် မီးဖိုချောင်တွင် ချက်ပြုတ်ရာ၍ ဂတ်စ်ကို အသုံးပြုပြီး ကျေးလက်ဒေသမျာတွင် စပါးခွံမှ ထင်းချောင်းများကို အသုံးပြုနေကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဂတ်စ်ကို ဒေသခံများ တစ်စုံတစ်ရာ အသုံးပြုခွင့် မရသေးသဖြင့် ထင်းနှင့် မီးသွေးကို ချက်ပြုတ်ရာတွင်  လောင်စာ အဖြစ် အသုံးပြုနေကြရာ သစ်တောများ ပြုန်းတီးလျှက် ရှိကြောင်း သိရသည်။

Most read this week