သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်လုပ်ငန်း ခွင့်မပြုကြောင်း အစိုးရပြော

သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်လုပ်ငန်း ခွင့်မပြုကြောင်း အစိုးရပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းအတွက် လာရောက် ရင်းနှီးမြုပ်နှံသည့် မည်သည့်အဖွဲ့အစည်းမဆို ပြည်နယ်၏ အရင်းအမြစ်တွေ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မည်ဆိုပါက ၎င်းကုမ္ပဏီကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

“ရင်းနှီးမြုပ်နှံမှုလုပ်မယ့်သူ ရှိလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ လောလောဆယ် ရှိတဲ့အရင်းအမြစ်ကို လေ့လာဖို့လိုတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အနေအထား ဆိုလည်း ခွင့်ပြုလို့မရဘူးလေ ပြည်နယ်အကျိုး ပြည်သူ့အကျိုးကြည့်မယ် စဉ်းစားထားတယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်း သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရွာသစ်စီမံကိန်း ကိစ္စရပ်တွေနှင့် ယခုလို နိုင်ငံရေး အပြောင်းအလဲ ကာလမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ဆိုပြီး စီးပွားရေး လုပ်ငန်းရှင်တွေက ကုမ္ပဏီတွေ၊ စက်ရုံတွေနဲ့ တည်ဆောက်ဖို့ လာရောက်ရင်းနှီးမြုပ်နှံတဲ့  အခြေ အနေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးက ပြောသွားတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စု အတွင်းမှာ တည်ဆောက်နေတဲ့ ခနောက်စိမ်း သန့်စင် စက်ရုံနဲ့ ပတ်သက်လို့ ဒေသခံတွေက ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။

ဖရူဆိုမြို့နယ်မှ ဒေသခံလူငယ်တဦးဖြစ်တဲ့ ခူးခိုလျေက “ခနောက်စိမ်း သန့်စင်စက်ရုံ ထောင်လိုက်ပြီ ဆိုလို့ရှိရင် ဂူထဲကရေထုတ်မယ် ဟိုဘက်က ဂူထဲမှာပြန်ထည့်မယ် ဆိုလို့ ရှိရင် အဲဒီဂူလိုင်းက ဖရူဆိုရေထွက်ပေါက်အားလုံးနဲ့ ဆက်စပ်မှုရှိတာပေါ့နော်။ ဆက်စပ်မှုရှိတော့ နန်းစံဖူးရေထွက်ပေါက်အထိ ဆက်စပ်နေတော့ ဒီနားတကြောရှိတဲ့ ရေထွက်ပေါက်တွေအားလုံး ညစ်ညမ်းနိုင်တယ်။ အဲတော့ ဖရူဆိုမြို့နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အထိ စီးနေတဲ့ရေတွေအားလုံး အဆိပ်သင့်နိုင်တာပေါ့။ ဒါကလူကို ထိခိုက်နိုင်တဲ့တခုပါပဲ” လို့ ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး တဲ့နောက်ပိုင်းမှာ ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ များပြားလာတာနှင့်အမျှ လူထု အကျိုးပြုစေမည့် ကုမ္ပဏီတွေကိုသာ ခွင့်ပြုမှာဖြစ်တယ်လို့ ဝန်ကြီးက ယခုလို ပြောပါတယ်။

ဝန်ကြီး ဦးစောဟူးဟူးက “နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကျနော်တို့ ကယားပြည်နယ် အတွက် ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် စဉ်းစားပေးမယ်။ ဒါပေမယ့် သူတို့လာပြီးတော့မှ ဆောင်ရွက်မယ့် ကုမ္ပဏီက သူတို့ရဲ့ ကိုယ်ကျိုး စီးပွားရေးပဲ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့က ခွင့်ပြုစရာအကြောင်းမရှိဘူး။ ဘာလို့လဲဆို ကျနော်တို့ဆီက ထုတ်သွားမှာလေး ကျနော်တို့ ပြည်သူအတွက် မလုပ်ပေးဘူးဆိုရင်တော့ ကျနော်တို့ ခွင့်ပြုနိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုအတွင်းမှာ ခနောက်စိမ်း သန့်စင်စက်ရုံ၊ ဒီးမော့ဆိုမြို့ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်တွင် သတ္တုတူးဖော်ရေးစက်ရုံ၊ ဝါသောခူ ကျေးရွာ အုပ်စုတွင် ဘိလပ်မြေစက်ရုံနှင့် လွိုင်ကော်မြို့နယ် အတွင်းမှာလည်း ဘိလပ်မြေ စက်ရုံဆိုပြီး စီမံကိန်းချ ဆောင်ရွက်နေတဲ့အတွက် သဘာဝ ပတ်ဝန်းကျင် တောတောင်ရေမြေကို ထိခိုက်လာမှာ မလိုလားတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ခူးခိုလျေက “ဒီလိုဒေသဖွံ့ဖြိုးရေးကို လုပ်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေးကို အခြေခံပြီးတော့မှ တကယ်ထိခိုက်မှု နည်းပါးဆုံးဖြစ်တဲ့ စီမံကိန်းမျိုးလုပ်ရင်တော့ ပိုကောင်းတာပေါ့။ လူ့အခွင့် အရေးကို အခြေမခံပဲနဲ့ လုပ်သွားလို့ရှိရင်တော့ စက်ရုံမှာကလည်း လူ့အခွင့်အရေးတွေကို အာမခံထားတဲ့ အချက်တွေလည်းရှိတယ်လေး ဒါပေမယ့် အဲဒါတွေကို လစ်လျူရှုပြီးတော့ ဒေသခံတွေက လူ့အခွင့်အရေးတွေ နားမလည်ဘူးဆိုပြီး လုပ်သွားမယ်ဆိုရင်တော့ မဖြစ်သင့်ဘူး။ ဒေသဖွံ့ဖြိုးရေး လုပ်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေးကို အခြေခံတဲ့ စီမံကိန်း လုပ်ဖို့လိုတယ်။” လို့ ဆက်ပြောပါတယ်။