ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသအတွင်း လေထု ရေထု ညစ်ညမ်းမူများ အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများနှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ

ယခု ရေနံနှင့် ဂတ်စ် ပိုက်လိုင်းများကို မြေတွင် မြုပ်နေရာ ပိုက်လုံးများ ချရန် အတွက် မြေများကို တူးပစ်ခြင်း၊ ပိုလျှံထွက်လာသော မြေများကို အနီးအနားရှိ လယ်ကွင်းများတွင် စုပုံ စွန့်ပစ်ခြင်းကြောင်း ပိုက်လိုင်း အနီးအနားရှိ လယ်ကွင်းများ အားလုံးလိုလိုမှာ ပျက်စီးနေသည်ဟု ဒေသခံ တောင်သူ တစ်ဦးက နိရဥ္စရာကို ပြောပြသည်။

“သူတို့က စည်းနဲ့ စနစ်နဲ့ လုပ်တာ မဟုတ်ဘူး။ စီမံကိန်း အချိန်မှီ ပြီးစီးအောင်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တာဝန်ယူပြီး ပြောပေးမယ့့်သူလည်း မရှိဘူး။ တရုတ်တွေကို ဒေသ အာဏာပိုင်တွေက ဘာမှ မပြောရဲဘူး။ လိုအပ်ရင် လယ်ကွင်းတွေက မြေကို သူတို့ သဘောနဲ့ သူတို့ တူးတယ်။ မြေတွေ ပိုလျှံလာရင် လယ်ကွင်းတွေမှာ စုပုံပစ်တယ်။ ဘယ်ရွာရယ်လို့ မဟုတ်ဘူး။ ပို်က်လိုင်း ဖြတ်သန်းရာ တလျှောက်မှာရှိတဲ့ အနီးအနားက လယ်တွေ အကုန်လုံး ပျက်စီးကုန်ပါတယ်” ဟု ပြောသည်။

ယခု လယ်မြေများတွင် မြေများ စုပုံ ပစ်ထားသဖြင့် အဆိုပါ လယ်များတွင် စပါးစိုက်ပျိုး၍လည်း မရနိုင်တော့ကြောင်း၊ ၎င်းလယ်မြေများ အတွက်လည်း တောင်သူများအား လျော်ကြေးငွေများ ပေးခြင်း မရှိကြောင်း၊ လျော်ကြေးပေးသော်လည်း လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။

ပိုက်လုံးများကို မြေအောက် အနက် ၃ ပေ၊ ၄ ပေခန့်တွင် မြုပ်သဖြင့် ဒေသခံများ အကြား စိုးရိမ်မူများလည်း တိုးပွားနေသည်ဟု ဆိုသည်။

၎င်းပြင် မလကျွန်းအနီးတဝိုက်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ယခုအခါ အနီးအနားရှိ ပင်လယ်ပြင်တွင် ငနီတူမှ အစ ငါးများကို ရှာဖွေ ဖမ်းဆီး၍ မရရှိတော့ကြောင်း မလကျွန်းမှ ဒေသခံ တစ်ဦးက ပြောသည်။

ယင်းအပြင် မလကျွန်းတွင် တည်ဆောက်နေသော ဓါတ်ငွေ့စက်ရုံမှ စွန့်ပစ်မည့် အညစ်အကြေးများအား ပင်လယ်သို့ စွန့်ထုတ်ရန် အတွက် ကွန်ကရက် ပိုက်လုံးများကို ပင်လယ်ထဲသို့ သွယ်တန်းနေသည်ဟု သူက ပြောသည်။

“စက်ရုံက ဘယ်လို အညစ်အကြေးတွေကို စွန့်ပစ်မယ်ဆိုတာကို ကျွန်တော်မသိဘူး။ ပြောပြတာလည်း မရှိဘူး။ ကွန်ကရက် ပိုက်လုံးကြီးတွေ ပင်လယ်ထဲကို သွယ်တန်းနေတဲ့ အနားကိုတောင် ရွာသားတွေကို ကပ်ခွင့် မပြုဘူး။ သူတို့က စက်ရုံက စွန့်ပစ်မယ့် အညစ်အကြေးတွေ အတွက် သွယ်တန်းနေတယ်လို့ သိရပါတယ်။ အခု ရွာသားတွေက ဒီသန့်စက်ရုံက စွန့်ပစ် အညစ်အကြေးတွေဆိုတာ ဘာတွေလဲ။ ဒါကို သိချင်နေကြတယ်။ ပီးရင် ဒီစွန့်ပစ် အညစ်အကြေးကြောင့် ရေပြင်၊ လေပြင်တွေ အထူးညစ်ညမ်းလာမှာကို စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

မြန်မာ အစိုးရ အနေဖြင့် ဒေသခံကျေးရွာသားများကို ယခု ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် ကောင်းကျိုးများကိုလည်း တစ်စုံတစ်ရာ နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောကြားခြင်း မရှိကြောင်း၊ သို့အတွက် ဒေသခံများ အတွင်း စိုးရိမ်မူများ တိုးပွားနေသည်ဟု ဆိုသည်။

မလကျွန်းတွင် ဓါတ်ငွေ့ သန့်စင်စက်ရုံ အတွက် တောင်များကို ဖြိုချခြင်း၊ ရေကာတာများ တည်ဆောက်ခြင်း စသည့် အလုပ်များကို အိန္ဒိယ နိုင်ငံသားများက ဆောင်ရွက်နေရာတွင်လည်း ဒေသခံ တောင်သူ လယ်သမားများ၏ လယ်ယာမြေများ ဆုံးရှံုးနစ်နာနေကြရသည်ဟု ဆိုသည်။

ကျောက်ဖြူ ခရိုင် အာဏာပိုင်များက ဒေသခံပြည်သူများကို ဆန္ဒပြ တောင်းဆိုမူများ မလုပ်ရန် ပြောကြားထားပြီး  နစ်နာနေမူများအား အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ဂတိ အကြိမ်ကြိမ် ပေးထားသော်လည်း လက်တွေ့တွင် တစ််စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

သို့အတွက် ဒေသအတွင်းက ရဟန်းတော်များ အပါအဝင် ပြည်သူများ အကြား ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအပေါ် မကျေနပ်မူများ တိုးပွားလျှက် ရှိနေကြောင်း သိရသည်။

Most read this week