ရာသီဥတု ဖောက်ပြန်မှုနှင့် သီးနှံဖျက်ပိုးများကြောင့် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆန်စပါး ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း ချင်းအမျိုးသားပါတီ (CNP) က ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုနှစ်ဆန်းပိုင်းတွင် ကွင်းဆင်းလေ့လာထားသည့် တွေ့ရှိချက်များကို အခြေခံကာ ပြောဆိုခြင်း ဖြစ်သည်။
ထန်တလန်မြို့နယ် အတွင်းတွင် ကျေးရွာ ၁၄ ရွာသို့ ကွင်းဆင်းခဲ့ရာ အဆိုပါ ကျေးရွာများတွင် အနေအထား တော်တော် ဆိုးရွားနေသည် ဟုထန်တလန် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပူးလာလ်မောင်းကျုံးက မဇ္စျိမကို ပြောသည်။
၎င်းက “အဲဒီအထဲမှာ ၆ ရွာလောက်မှာ အခုဆို စားစရာ မရှိတော့ဘူး။ ဆန်မရှိတော့ဘူး။ ကျန်တဲ့ရွာတွေ ကလည်း ၂ လစာပဲ ကျန်တော့တယ်” ဟု ပြောသည်။
ကွင်းဆင်းလေ့လာရာမှ တွေ့ရှိချက်များနှင့် ပြည်နယ်တွင်းရှိ စိုက်ပျိုးရေးဌာနနှင့် မြေစာရင်းဌာနတို့၏ လွှတ်တော်သို့ တင်ပြထားသည့် စာရင်းတို့မှာ ကွဲလွဲလျက် ရှိသည်ဟုလည်း သူက ပြောသည်။
“ဝမ်းစာ မဖူလုံဘူးလို့ ကျနော်က လွှတ်တော်ကို တင်ပြတယ်။ စိုက်ပျိုးရေးဌာနနဲ့ မြေစာရင်းဌာနနဲ့က ညှိပြီးတော့ ဝမ်းစာ ဖူလုံတယ်လို့ သူတို့က တင်ထားတယ်။ စားပွဲပေါ်မှာ ကောက်တော့ စာရင်းအမှန်အကန် မရဘူး။ အဲဒါ ကျနော်နဲ့ နည်းနည်းကွဲလွဲတာပေါ့။ လက်တွေ့မှာ လုံးဝကို စားစရာ မရှိတော့ဘူး” ဟု သူက ပြောသည်။
ဆန်ပြတ်လပ်သည့် ရွာများသည် လတ်တလောတွင် ထန်တလန်မြို့ပေါ်ရှိ ဘာသာရေး အသင်းအဖွဲ့များထံမှ ဆန်များကို ချေးငှား စားသောက်နေရသည်ဟု ဆိုသည်။
ဇန်နဝါရီလ တတိယပတ်အတွင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ပူးဟုန်းငိုင်းနှင့် ပြည်နယ်ဝန်ကြီးများသည် ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့များသို့ သွားရောက်ကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် ထန်တလန်မြို့နယ်အတွက် လယ်ထွန်စက် ၆ စီး၊ ဟားခါးမြို့နယ်အတွက် လယ်ထွန်စက် ၄ စီးနှင့်ပြောင်းမျိုး၊ စပါးမျိုး အနည်းငယ်ကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံ လွှဲအပ်ပေးခဲ့သည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ အနေနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်ကို အကောင်အထည်ဖော် နေသည်ဟု ဆိုသော်လည်း ချင်းပြည်သူတို့၏ အားကိုး အားထားမှု မရရှိသည့်အတွက် အောင်မြင်မှုရရန် ကြန့်ကြာဦးမည် ဖြစ်ကြောင်း CNP က ပြောသည်။
CNP အတွင်းရေးမှူး (၁) ထျီယံအုတ်ထန်း ခေါ် ဆလိုင်းငယ်ပီး က “ဒီအတိုင်းဆို တော်တော်နှေးနေ တယ်ခင်ဗျ။ သူတို့က Civil Society Organization အဖွဲ့တွေ တော်တော်များများနဲ့ လက်တွဲလုပ်နိုင်မှပဲ အကောင်အထည် ပေါ်နိုင်မယ်။ သူတို့က တခြား အဖွဲ့အစည်းအသစ်တွေ ဝင်လာအောင် ခွင့်ပြုဖို့ နည်းနည်းတွန့်တိုနေတဲ့ အနေအထားမှာ ရှိတယ်။ လူမှုအဖွဲ့အစည်းတွေ များများ ဝင်လာခွင့်ကို သူတို့ လက်ကမ်း ကြိုဆိုမှပဲ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်သွားမယ်လို့ ကျနော်တို့ သုံးသပ်မိတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များအနက် ဖွံ့ဖြိုးမှု အနည်းဆုံးဟု သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်တွင် ဝမ်းစာ ဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် လွန်စွာနိမ့်ကျလျက် ရှိသည်။
“၉ မြို့နယ်လုံး တော်တော်များမှာ ဘယ်အပိုင်းမှာမှ ဖူလုံမှု မရကြပါဘူး။ ဒါ့ကြောင့် ရေကြည်ရာ မြက်နုရာ ပြောင်းသွားတာပေါ့။ ချင်းပြည်နယ်မှာ အဖိုးကြီးတွေနဲ့ ကလေးတွေပဲ ကျန်သွားတော့တဲ့ အနေအထားမှာ ရှိတော့တယ်” ဟု ဆလိုင်းငယ်ပီး က ပြောသည်။
ပြည်နယ်တွင်း စီးပွားရေး အခြေအနေကြောင့် ချင်းတိုင်းရင်းသား လူငယ်၊ လူလတ် အများအပြား အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက် လုပ်ကိုင်လျက် ရှိသည်။
၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်းတွင်လည်း ချင်းပြည်နယ်၌ ၀ါးပန်းပွင့်ပြီး ကြွက်သောင်းကျန်းမှုကြောင့် အစာရေစာ ငယ်မွတ်ခေါင်းပါးမှု ဘေးများနှင့် ကြုံတွေ့ခဲ့ရသေးသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် လျာထားချက်မှာ ငွေကျပ် ၁၃,၀၄၀ ဒဿမ ၆၇၅ ဘီလီယံ ဖြစ်ပြီး ချင်းပြည်နယ်အတွက် လျာထားချက်မှာ ကျပ်သန်း ၁၃,၀၀၀ သာဖြစ်သည့် အတွက် အသုံးစရိတ် အားလုံး၏ ၀ ဒဿမ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။