ညောင်ရွှေမြို့နယ် အင်းကြင်းကုန်း ကျေးရွာအနီးတွင် တည်ရှိမည့် အင်းလေးဟိုတယ်ဇုန်အား ဧက ၆၀၀ ကျော်ပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ညောင်ရွှေမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲက သိရသည်။
အဆိုပါ ဟိုတယ်ဇုန်အား ကန်ဘဲ့၊ ချောင်းပါ၊ အင်ကြင်းကုန်း၊ မကျီးကုန်း၊ ၀က်သားကင်၊ သလဲဦး စသည့် ကျေးရွာခြောက်ရွာမှ လယ်မြေ ဧကခြောက်ရာကျော် ပေါ်တွင် တည်ဆောက်မည်ဟု သီးနှံလျှော်ကြေး ပေးရေး ကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။
၎င်းက “တောင်သူ ၁၈ ဦးအတွက် သီးနှံ လျော်ကြေးငွေ ကျပ်သိန်း ၁၁၃၉ သိန်းပေးဖို့ပဲ ကျန်ပါတယ်။” ဟု ပြောသည်။
အဆိုပါ ကျေးရွာ ခြောက်ရွာမှ လယ်မြေများအတွက် သီးနှံ လျော်ကြေးငွေ ကျပ်သိန်း ၅၁၅၅ သိန်း ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ကျပ်သိန်း လေးထောင်ကျော် ပေးပြီးဖြစ်ကြောင်း ဦးစိုးဝင်းနိုင်က ပြောသည်။
ဟိုတယ်ဇုန်ဧက ခြောက်ရာကျော်တွင် တည်ဆောက်မရနိုင်သည့် လျှိုနှင့် လမ်းပိုင်းများကို ဖယ်နှုတ်လိုက်ပါက ဟိုတယ်တည်ဆောက်ရန် ဧက သုံးရာကျော် ကျန်သည်ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း တောင်ကြီးဟိုတယ်ဇုန်များ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
ထို့အပြင် “အဲဒီမှာ နိုင််ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် ဧက ၁၅၀၊ တိုင်းရင်းသားဟိုတယ်လုပ်ငန်းရှင်အတွက် ဧက ၁၀၀၊နဲ့ ဒေသခံ ဟိုတယ် လုပ်ငန်းရှင်တွေ အတွက် ဧက ၅၀ ကျော် စီစဉ်ထားတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဟိုတယ်ဇုန်မှာ ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်အကွာတွင်ရှိပြီး၊ ညောင်ရွှေ- နန့်ပန်- ပင်လောင်း( အင်းပတ်
လမ်းမကြီး) ပေါ်တွင်ရှိသည်။ ညောင်ရွှေမြို့နယ် ဟိုတယ်ဇုန် မြေယာပြုပြင်မှု များအား ပြီးခဲ့သည့် တစ်လခန့်က စတင် ပြုလုပ်နေပြီ ဖြစ်သည်။
ဟိုတယ်ဇုန် ပေါ်ပေါက်လာသဖြင့် ဒေသခံများအတွက် အခွင့်အလမ်းများ ရရှိလာနိုင်ပြီး ပညာရေး အခြေခံ နည်းသော်လည်း တတ်သည့် ပညာနှင့် ထိုက်တန်သည့် အလုပ်များ ရရှိလာနိုင်သည်ဟု ဒေသခံ ဦးမြအောင်က မဇ္စျိမ သို့ပြောသည်။
၎င်းက “အနည်းဆုံးတော့ ဟိုတယ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပိုပြီးအလုပ်ဖြစ်မှာ သေချာပါတယ်” ဟု ပြောသည်။