သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းအင် အသက် ၄၆ နှစ် သည် ဖေဖေါ်ဝါရီလ ၄ ရက် နံနက်ပိုင်း၌ ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရသည်။
“ဆေးကုဖို့ ကျိုင်းတုံမြို့ကို သူတို့လင်မယားရောက်လာတယ်။ ဆေးတောင်မကုရသေးဘူး၊ သူတို့လာတည်း တဲ့ အထက ၃ ကျောင်း နောက်က အိမ်မှာဘဲ ကွယ်လွန်သွားတာ” - ဟု ကျိုင်းတုံမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းယွက် ကပြောသည်။
အသည်းခြောက်ရောဂါဝေဒနာဖြင့် ကွယ်လွန်သော စိုင်းအင်၏ ရုပ်အလောင်းအား ကျိုင်းတုံမှ မိုင်းယောင်းမြို့သို့ ပြန်လည် သယ်ဆောင်ကာ ယနေ့ ဖေဖေါ်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဂြိုလ်မည်ဟု မိုင်းယောင်းမြို့ ကျားဖြူပြည်သူ့လွှတ်တော်အမတ် စိုင်းစောတင်က ပြောသည်။
“သူကျိုင်းတုံလာတာ အဓိက အကြောင်းရင်း ၂ ခုပေါ့။ တစ်အချက်က စစ်ကိုင်းရွာသစ်ကြီး ကျောင်းသားအဖွဲ့ အာစရိယပူဇော်ပွဲ အတွက်လာတယ်၊ နှစ်အချက်ကတော့ ဆေးစစ်ဖို့ပေါ့။ ၃ ရက်နေ့ညက ကျိုင်းတုံရောက် တယ်။ ၄ ရက်နေ့မနက်ပိုင်းက ကော်ဖီ နဲ့ မှုန့်မနက်စာ စားပြီး ခေါင်းကိုက်တယ်တဲ့။ ခဏမှေးလိုက်ဦးမယ် ပြောပြီး သွားအိပ်တယ်တဲ့။ ရ နာရီကျော် ကျနော်သူ့ဆီသွားတော့ သူ့အမျိုးသမီးက သူ့ကိုသွားခေါ်ကြည့်တော့ အသက် မရှိ တော့ဘူး။ သူ့မှာအသည်း ခြောက်ရောဂါခံစားနေတယ်လို့ သူ့အမျိုး သမီးက ပြောတယ်” - သံလွင်အနောက်ခြမ်းမှ ကျိုင်းတုံသို့ ရောက်ရှိနေသည့် ကျားဖြူ ပါတီဝင် တဦးကပြောသည်။
သေဆုံးသူ ခရစ်ယာန်ဘာသာဝင် သျှမ်းလူမျိုး စိုင်းအင်အား ဖခင် ဦးအားခို၊ မိခင် ဒေါ်အီလွန်တို့မှ ၁၉၆၇ ခုနှစ် ဂျွန်လ ၃ ရက် နေ့က မွေးဖွားခဲ့သည်။ စိုင်းအင်တွင် ဇနီး နန်းခမ်းလုံ သမီး နန်းနွံမိုင်း၊ သား စိုင်းအောင်လင်းတို့ ရှိပြီး မိုင်းယောင်းမြို့ အမှတ် ၁ ရပ်ကွက် ၌ နေထိုင်သည်။
စိုင်းအင်သည် အခြေခံပညာကို မိုင်းယောင်းမြို့ ရပ်ကွက် (၁) အမက၊ မိုင်းယောင်း အလက နှင့် စစ်ကိုင်းတိုင်း ရွာသစ်ကြီး ပြည် ထောင်စုတိုင်းရင်းသားများဖွံ့ဖြိုးရေးသိပ္ပံတို့တွင် သင်ယူခဲ့ရာ ဒဿမတန်းအောင် မြင်ခဲ့ သည်။ ၁၉၈၉ ခုမှ ၁၉၉၅ အထိ ဝမ့်ယွက် အမက နှင့် ဝမ့်ဒေ အမက တို့တွင် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၀ တွင် ကျားဖြူပါတီဝင်ကာ ရွေး ကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်နယ် လွှတ်တော်အမတ် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ရွေးကောက် တင်မြောက်ခြင်းခံခဲ့ရသည်။
လွှတ်တော်ကိုယ်စားလှယ် တဦး နှုတ်ထွက်ပါက (သို့) ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်ကို ဥပဒေအရဆုံးရှုံးပါက(သို့)တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းခံရပါက(သို့) ကွယ်လွန်အနိစ္စရောက်ခဲ့ပါက လွှတ်တော်ဥက္ကဌမှ လွှတ် တော်ကိုယ်စားလှယ်လစ်လပ်ကြောင်းနိုင်ငံတော်ပြန် တမ်းတွင် ထုတ်ပြန်ကြေငြာရမည်။ လစ်လပ်ကိုယ်စားလှယ်နေရာတွင် အစားထိုးရွေးကောက်တင်မြောက်နိုင် ရေးအတွက်ကော်မရှင်အဖွဲ့ခွဲမှတဆင့် ပြည်ထောင်စုရွေ ကောက်ပွဲကော်မရှင် သို့ အကြောင်းကြား ရမည်ဟု တိုင်း/ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည်။