တွေ့ဆုံဆွေးနွေးပြီး ပြည်သူများဘဝ ငြိမ်းချမ်းလုံခြုံအောင် ကြိုးပမ်းမည်ဟု KIO ပြော

တွေ့ဆုံဆွေးနွေးပြီး ပြည်သူများဘဝ ငြိမ်းချမ်းလုံခြုံအောင် ကြိုးပမ်းမည်ဟု KIO ပြော
by -
သျှမ်းသံတော်ဆင့်

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီတို့ တရုတ်နိုင်ငံ ရွေလီမြို့ ကျင်းချိန့်ဟော် တယ်တွင် ဖေဖေါ်ဝါ ရီလ ၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီမှ ညနေ ၄ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဘက်ဆွေးနွေးပွဲများမှ တဆင့် လူထုဘဝ ငြိမ်းချမ်းလုံခြံုသည် အထိ ကြိုးပမ်းသွားမည်ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်သည်။

တွေ့ဆုံဆွေးနွေးပြီး ပြည်သူများဘဝ ငြိမ်းချမ်းလုံခြုံအောင် ကြိုးပမ်းမည်ဟု KIO ပြော

“လူထုကို ငြိမ်းချမ်းလုံခြုံတဲ့ဘဝ ရောက်အောင်ဝိုင်းဝန်းကြိုးပမ်းမယ်လို့ အဓိကပြောချင်တယ်၊ ငြိမ်းချမ်းရေး လို့ပြောတဲ့ အခါ မှာ အပစ်အခတ်ရပ်စဲထားရုံမျိုးမဟုတ်ပဲ တကယ်ကို ငြိမ်းချမ်းပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ် ” ဟု သူက ပြောသည်။

၄င်းတွေ့ဆုံဆွေးနွေးပွဲအပြီး ပူးတွဲကြေငြာချက် တစ်စောင်ထုတ်ပြန်ရာတွင် နှစ်ဘက်ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့် ထားရေး အပါအဝင် စစ်ရေးအရှိန်လျှော့ချရေး၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲအတွက် ပြင်ဆင်ရေး ၊ လေ့လာသူများနှင့် သက်သေအဖြစ် ပါ၀င်မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြထားသည်။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို KIO အနေဖြင့် UNFC နှင့်ညှိနှိုင်းပြီးနောက် ဖေဖေါ်ဝါရီလမကုန်ခင် ကျင်းပရန်နှင့် အစိုးရ နှင့် KIO အကြား ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖေါ်ရန် ဆွေးနွေးသွားမည်ဟု သဘော တူခဲ့ကြောင်း ကြေငြာချက်တွင် ဖေါ်ပြသည်။

သို့သော် ဆွေးနွေးပွဲ ကျင်းပနေသည့် နေ့၌ပင် ကချင်ပြည်နယ် ဖားကန့်ဒေသ KIA တပ်ရင်း ၆ နယ်မြေအတွင်း နှစ်ဘက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကိစ္စများအပေါ် ဗိုလ်ချုပ်ဂွမ်မော်က “တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ဒီတိုက်ပွဲတွေကို အရှိန်လျှော့သွားပြီးမှ တိုက်ပွဲတွေ မရှိတော့အောင် အစီအစဉ်တွေ လုပ် နေပါတယ်။ အနေအထားတစ်ခုအပေါ်မှာ သဘောတူညီမှုရသွားတယ် ဆိုရင် ကျနော်တို့တပ်တွေကို ခုခံရုံမှလွဲပြီး တိုက် ခိုက်ခြင်းမလုပ်ဖို့ ညွန်ကြားသွားဖို့ အစီအစဉ်ရှိပါတယ် ” ဟု ပြောသည်။

ယခင်ဆွေးနွေးပွဲများနှင့် မတူသော ယခုဆွေးနွေးပွဲ၏ ထူးခြားချက်မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံအမတ် ကြီး Mr . Luo Zhaohui အပါအဝင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖေါ၊ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်တစ်ဦး၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့ဝင်နှစ်ဦး ၊ စဝ်ဟန်ယောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် စသည့် အသိသက်သေများ လေ့လာသူများ ပါ၀င်တက်ရောက် ခဲ့ကြသည်ကိုတွေ့ရသည်။

၄င်းတွေ့ဆုံဆွေးနွေးမှုအပေါ် နှစ်ဘက်စလုံးမှ ကျေနပ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည့် အပြင် အောင်မြင်သည့် ဆွေးနွေး ပွဲ တစ်ခု ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းကလည်း ထပ်လောင်း ပြောကြားသည်။

“အရင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့တောင် အတော်ခက်နေတာလေ အခုတွေ့ပြီး တော့နားလည်မှု တွေရလာတယ် ။  ခင်ဗျားတို့မျက်စိရှေ့တင်ပဲ ပျော်ကြပြုံးကြ ငြင်းခုံတာလည်းမရှိဘူး။ နောက်တစ်ကြိမ်ဆွေးနွေးဖို့လည်း တစ်ခါတည်းလုပ်ထားပြီးသား။ အောင်မြင်တဲ့ဆွေးနွေးပွဲ ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့ ” ဟု ပြောသည်။

နောက်လာမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် စစ်ရေးကိစ္စများ ထည့်သွင်းဆွေးနွေးမည် ဖြစ်ပြီးနိုင်ငံရေး ဆွေးနွေးမှုများ အဆင်ပြေလာပါက စစ်ရေးကိစ္စများတွင်လည်း ပြေလည်သွားမည်ဟု အစည်းအဝေး တက်ရောက်သည့် KIO ခေါင်းဆောင် ပိုင်းက ယုံကြည်မျှော်လင့်နေသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIO ဋ္ဌာနချုပ်လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယခုအခါ အစိုးရတပ်မှ အဆိုပါ စိုးမိုးကုန်းများကို သိမ်းပိုက်ထားပြီး လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်ခန့်အကွာ တွင် ရောက်ရှိ နေရာယူထားဆဲ ဖြစ်ကြောင်း သိရသည်။