ကချင်တော်လှန်ရေးနေ့ကို လိုင်ဇာတွင် လူထုများသာကျင်းပနိုင်

ကချင်တော်လှန်ရေးနေ့ကို လိုင်ဇာတွင် လူထုများသာကျင်းပနိုင်
by -
ကချင်သတင်းဌာန

ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်သော (၅၃) ကြိမ်မြောက် “ကချင်တော်လှန်ရေးနေ့” အခမ်းအနားကို ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာတွင် ပြည်သူလူထုများသာ သီးသန့် ပြုလုပ်ကျင်းပခဲ့ကြသည်။

ဗဟိုဌာနချုပ် လိုင်ဇာမှာကျင်းပတဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် မြင်တွေ့ရတဲ့ KIO အရပ်ဖက်ဌာန(DGA) အုပ်ချုပ်ရေးမှူး Salang Kaba Lajawng Hkawng Lum. ပုံ-ကချင်သတင်းဌာန

ယခင် တပ်ထုနှင့် လူထုပူးပေါင်း၍ ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လိုင်ဇာဒေသတဝှိုက် အစိုးရတပ်များ နီးကပ်စွာ ရောက်ရှိနေသဖြင့် လုံခြုံရေးယူ၍ ဒေသခံများနှင့် ဒုက္ခသည် ပြည်သူလူထုများကသာ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

၄င်းအစီစဉ်တွင် တိုက်ပွဲကြောင့် ရှေ့တန်းတွင် ရောက်ရှိနေသူများနှင့် ကျဆုံးသွားသော KIA အဖွဲ့ဝင်များ အတွက် ဆုတောင်းပေးခြင်း၊ လူငယ်များနှင့် စစ်ပြေးဒုက္ခသည်များအတွက် ဆုတောင်းခြင်းများပြုလုပ်ခဲ့ပြီး KIO ဥက္ကဋ္ဌ ဇောင်းခရား၏ ကချင်တော်လှန်ရေး မိန့်ခွန်းကို ဖတ်ကြားခဲ့ကြကြောင်း KIA လိုင်ဇာအုပ်ချုပ်ရေးမှူး ကရဲန်နော်အောန်က ပြောသည်။

KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် “ပြည်ထောင်စုနိုင်ငံ ဖြစ်လာဖို့ရန်အတွက် တိုင်းရင်းသားများ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး ဖယ်ဒရယ်ပြည်ထောင်စုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် မဖြစ်နိုင်ကြောင်းနှင့် KIO သည် တိုင်းရင်းသားများ လိုလားသော နိုင်ငံရေး ဆွေးနွေးမှုကို ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ၏ အပြင်ဘက်တွင် ဆွေးနွေးသွားရန်ဖြစ်သည်” ဟု တိုက်တွန်းထားသည်။

ထို့အပြင် “၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနောက်တွင် လက်နက်ကိုင် မြန်မာ အစိုးရစစ်တပ်သည် အင်အားကြီး သောကြောင့် လွှတ်တော်အတွင်း မဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်းနှင့် KIO ကို ငြိမ်းချမ်းရေးမလိုလားသူ၊ အကျန်းဖက်သူများအဖြစ် ကမ္ဘာကိုလိမ်ညာပြောဆိုနေမှုကို အပစ်အခတ်ရပ်ပြီး ငြိမ်ချမ်းရေးဆွေးနွေးခြင်း သည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေသို့ ပြန်လည်ခေါ်သွင်းခြင်းဖြစ်ပြီး၊ ၄င်းသည် ကချင်ပြည်သူ လူထုအတွက် အာမခံချက်မရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်” ဟုလည်း ဆိုသည်။  

အဆိုပါမိန့်ခွန်းများကို ရှေ့တန်းသို့ရောက်ရှိနေသည့် (KIA) တပ်ဖွဲ့ဝင်များအား ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝေပေးခဲ့ကြောင်းသိရသည်။

“ရှေ့တန်းမှာရှိတဲ့ သူတွေနဲ့ ကတုတ်ကျင်းမှာ နေရာယူနေတဲ့ တပ်သားတွေအားလုံးလည်း KIO ဥက္ကဌ မိန့်ခွန်းစာကို အလှည့်စီတယောက်ပြီး တယောက်ဖတ်ပြီး အားယူကြတယ်။ ကိုယ်ကျတဲ့ section မှာ မိန့်ခွန်းစာရွက်တွေဝေပေးတယ်။” ဟု ရှေ့တန်းမှ အရာရှိ တဦးက KNG ကချင်သတင်း ဌာနသို့ပြောသည်။

ယနေ့ပြုလုပ်သော ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အရပ်ဖက်အုပ်ချုပ်ရေးဌာန Department of General Administration (DGA) တာဝန်ခံ လဂျွန် ခေါင်လွမ်း၊ ဒုတာဝန်ခံ အင်ပွန်တူ ဇော်အောင် တို့က ဦးဆောင်ကျင်းပခဲ့ပြီး အစီအစဉ်တွင် ကက်သလစ် RC အသင်းတော်မှ ဘုန်းတော်ကြီးနှင့် နှစ်ခြင်းအသင်းမှ ဓမ္မဆရာများ ဆုတောင်းခြင်းများဖြင့် ပြုလုပ်ခဲ့ကာ KIA ရဲဘော်များက လုံခြံုရေးတာဝန်ယူပေးခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၅) ဗဟိုဌာနချုပ်ဒေသ မုန်လိုင်ခ စစ်ရေးလေ့ကျင့်ရေးကျောင်း ၊ လိုင်ဇာမြို့ အထက်တန်းကျောင်း၊ ပါဂျောင် (Pajau)၊ မုန်းဆိုင်ယန် (Mung Seng Yang)၊ ဂျေယန့် ဒုက္ခသည်စခန်း (Je Yang)၊ ဖုန်လုံယန် ဒုက္ခသည်စခန်း (Hpung Lum Yang)  နေရာ ၆ ခုတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်ကို နိုင်ငံတကာတွင်ရောက်ရှိနေသော ကချင်လူမျိုးများလည်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရမှ နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရန် (KIO) ကို ကမ်းလှမ်းလာသည်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ သည့်နောက် အစိုးရတပ်က စစ်ရေးဖြင့် ထိုးစစ်ဆင်မှုများပြုလုပ်လာသဖြင့် ၂၀၀၉ ခုနှစ်မှ စ၍ ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော်များကို မနောပွဲများဖြင့် စည်းကားစွာ ပြုလုပ်နိုင်ခြင်းမရှိ တော့ကြောင်း KIA အရာရှိက ပြောသည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာဒေသသို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အစိုးရစစ်တပ်၏ ပြင်းထန်စွာထိုးစစ်ဆင်မှုကြောင့် လူဦးရေ ၂ သောင်းကျော်ရှိ လိုင်ဇာဒေသခံများသည် ဒုက္ခသည်စခန်း ၆ ခုသို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း သိရသည်။

Most read this week