ယမန်နေ့က ကျင်းပသော KIO ကချင်ပြည် လွပ်လပ်ရေးအဖွဲ့နှင့် အစိုးရကြား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်းက ‘တောင်းသလောက်ပေးဖို့ လာခြင်းဖြစ်တယ်’ ဟု သတင်းထောက် များအား ပြောသွားသည့်အပေါ် ‘ဦးအောင်မင်းက နှုတ်သာပေးပြီး လက်တွေ့တွင်တိုင်းရင်းသားများဘာမှမရသေး’ ဟု သျှမ်းပြည်တပ်မတော် RCSS/SSA မှ အရာရှိတဦး ကပြောသည်။
ယမန်နှစ်မေလ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့်အစိုးရကိုယ်စားလှယ်တို့ ကျိုင်းတုံ၌တွေ့ဆုံစဉ်
“ဦးအောင်မင်းကတော့ပြောတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အခါမှာ သူက ယူဖို့မဟုတ်ပါဘူးတဲ့။ ပေးဖို့သက်သက်ပါ ဘဲတဲ့။ သတင်းထောက်တွေရဲ့အမေးကိုသူက အဲလိုပြန်ပြန်ဖြေတယ်။ တကယ်တော့ သူပြောသလို သူပေးလိုက်တာတွေ ကျနော်တို့ တိုင်းရင်းသားဘက်က ဘာမှမရသေးပါဘူး။ ကျနော်တို့ကို ဘဲကြည့် - ဌာနချုပ်တည်ဖို့ ဟိုမိန်း နဲ့ မိုင်းတော့ မိုင်းထား ပေးမယ်။ မူးယစ်ဆေးဝါး ပူပေါင်းတိုက်ဖျက်ရေး လုပ်မယ် ဆိုတဲ့ကိစ္စတွေ ဘာမှ အကောင်အထည်မဖော်နိုင် သေးဘူး” ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အရာရှိတဦးကပြောသည်။
ယမန်နေ့ က တရုတ်နိုင်ငံ ရွှေလီမြို့ (သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ KIO နှင့် အစိုးရ၏ နှစ်ဖက် ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးကြရာ ကရင်နှင့် သျှမ်း တိုင်းရင်း သားခေါင်းဆောင် အချို့လည်းပါဝင်ခဲ့သည်။
၎င်းတို့သည် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင်မူ အပစ်ရပ်ရေးအတွက် စစ်ရှိန်လျှော့ချ ရေး ကို ပဏာမ အဆင့် နီးပါးဆွေးနွေးနိုင်ခဲ့ကြသော်လည်း မရှိမဖြစ် Humanitarian Assistance လူသားချင်း စာနာထောက်ထားမှုနှင့် ဆိုင်သော ကူညီထောက်ပံ့မှု၊ အပစ်ရပ်ရေး ဆိုင်ရာ စောင့်ကြည့်မှု Ceasefire Monitoring တို့မပါဝင်သဖြင့် ယခုဆွေးနွေးပွဲအပေါ် အားရမှုမရှိကြောင်း သက်သေအဖြစ် လိုက်ပါ တက်ရောက်သည့် ပုဂ္ဂိုလ်တဦးကပြောသည်။
ယမန်နေ့ကဆွေးနွေးပွဲအပြီး အချက် ၅ ချက်ပါသော ပူးတွဲကြေငြာချက် ကိုပါထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါကြေငြာချက် တွင် KIO နှင့် UNFC တို့ ဖေဖော်ဝါရီလမကုန်မီ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ပြီး အစိုးရနှင့် KIO ကြားနိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန်သဘောတူသည်ဟု ပါရှိသည်။
၎င်းဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က - (၁) ခေါင်းထုပြီးနောက် ပြန်ချော့သည့်သဘော မဖြစ်စေလိုကြောင်း၊ (၂) ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူထုတရပ်လုံးပါဝင်ခွင့်ရအောင်နှစ်ဦး နှစ်ဘက်စလုံးမှ လမ်းဖွင့်ပေးစေလိုကြောင်း၊ (၃) တချို့တဝက်နှင့် အပစ်ရပ်၍ ကျန်တချို့တဝက်တို့အား ထိုးစစ်ဆင်နေခြင်း မဖြစ်စေလိုကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။
စစ်ပြေးဒုက္ခသည်များ ရင်ဆိုင်နေရသော စစ်ဘေးမှာ အိမ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွါးမှုကြောင့်ဖြစ် လာသော စစ်ပွဲဖြစ်နေ သဖြင့် ယခုငြိမ်းချမ်းရေး ကြိုးစား တည်ဆောက်နေသူများ အားလုံးအဖို့ မောင်ရင်းနှ မရင်း စိတ်ထား၍ ဖြေရှင်းမှသာ ငြိမ်းချမ်း နိုင်မည်ဟု ယုံကြည်ကြောင်း စဝ်ယွက်စစ်ကပြောဆိုသည်။