ပထမအကြိမ် ရခိုင် နယ်စပ်ဒေသ အာစရိယပူဇော်ပွဲ နံသာတောင်တွင် ကျင်းပ

ပထမအကြိမ် ရခိုင် နယ်စပ်ဒေသ အာစရိယပူဇော်ပွဲ နံသာတောင်တွင် ကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့မြောက်ပိုင်းတွင် တည်ရှိသော  နံသာတောင် ကျေးရွာ နယ်စပ်ဒေသ ပရဟိတ စာသင်တိုက်တွင် ပထမဆုံး အကြိမ် အာစရိယ ပူဇော်ပွဲ အခမ်းအနားတခုကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့သည်ဟု သတင်း ရရှိသည်။

ပထမအကြိမ် ရခိုင် နယ်စပ်ဒေသ အာစရိယပူဇော်ပွဲ နံသာတောင်တွင် ကျင်းပ

“အာစရိယ ပူဇော်ပွဲ အခမ်းအနားကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ဒီဒေသဟာ ဝေးလံခေါင်းပါးတဲ့ ဒေသဖြစ်တဲ့ အတွက် လူတွေဟာ အသိစိတ်ဓါတ်၊ အမြော်အမြင်တွေ နိမ့်ကျကြတယ်။ ဒီလို ပူဇော်ပွဲ တွေကို မသိကြတဲ့လူ တွေရှိကြတယ်။ ဆရာ/မတွေကို ဘယ်လို ဂုဏ်ပြု ပူဇော် ရတယ် ဆိုတဲ့ အစဉ်အလာကို နောင်လာ၊ နောင်သားတွေ သိရှိသွား အောင် မီးမောင်းထိုးပြတာ ဖြစ်ပါတယ်” ဟု နယ်စပ်ဒေသ ပရဟိတ နံသာတောင် ဆရာတော် ဦးစရဏက နိရဥ္စရာသို့ မိန့်ကြားသည်။

အာစရိယ ပူဇော်ပွဲမှာ ဗုဒ္ဓဘာသာလူမျိုးအတွက် အရေးကြီးပုံကိုလည်း ယခုလို ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“အမျိုးဘာသာ၊ သာသနာအတွက် ကြည့်မယ်ဆိုလို့ရှိရင် ဒီဘက်မှာ ရှေးအစဉ်အဆက်က လုပ်ထုံး လုပ်နည်း မရှိတဲ့အတွက် နောင်လာမယ့် လူငယ်တွေအနေနဲ့ ဘာသာရေး ကိုင်းကျွန်းမှုဖြစ်လာအောင် ဦးဇင်းတို့ ဘုရား ဂိုဏ်းဖြစ်တဲ့ သရဏဂုံကျေးဇူးတွေကို မသိကြတဲ့အတွက် ဘာသာရေး ဆိုင်ရာ သော်လည်းကောင်း၊ ပြီးရင် ဆရာတွေရဲ့ ဂုဏ်ကျေးဇူးဟာ ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ မသိတာကို သိရှိစေလိုပါတယ်” ဟုမိန့်သည်။

အာစရိယပူဇော်ပွဲသို့ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။ အခမ်းအနားကို နမောသဿ သုံးကြိမ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ ရောက်ရှိလာသော ဆရာ/မ၊ ကျောင်းသူ /သားများ၊ တောင်ပြိုမှ အထက ဆရာကြီးနှင့် နံသာတောင်ဆရာတော် ဦးစရဏတို့မှ အသီးသီးမိန့်ခွန်းအမှာ စကား ပြောကြားခဲ့သည်ဟု သိရသည်။

Untitled-2

နယ်စပ်ဒေသ ပရဟိတ စာသင်ကျောင်း၌ သင်တန်းပို့ချသော ကျောင်းဆရာ/မများအား ကျောင်းသူ/ သားဘက်မှ လှူ ဖွေပစ္စည်းများအဖြစ် အဝတ်၊ လုံချည်၊ ထမီ စသည့် ပစ္စည်းများကို ကပ်လှူပြီးမှ တနှစ်တာအတွက် အဖြစ် ကင်းရှင်းအောင် ဘုရားနှင့် ဆရာသမားရှေ့၌ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ကို ရွတ်ဆိုပြီး ဆုတောင်းခဲ့ကြ သည်ဟု သိရသည်။

ယခုလို အာစရိယ ပူဇော်ပွဲကို ပြုလုပ်လိုက်သည့်အားဖြင့် နောက်နောင်တွင် လူငယ်၊ လူရွယ်များ အတွက် ပိုမို အကျိုးဖြစ်ထွန်းလာမည်ဟု မိန့်သည်။

“ဦးဇင်းတို့ ကျောင်းမှာ လုပ်ပြလိုက်တဲ့ အားဖြင့် ဒီဒေသတဝန်းမှာရှိနဲ့ တခြားကျောင်းတွေမှာလည်း အတုမြင် အတတ်သင် သဘောမျိုးနဲ့ ကျင်းပလာနိုင်ပါတယ်။ အဲလိုကျင်းပလာတဲ့ အားဖြင့်နောင်လာလူငယ်တွေ အတွက် လက္ခဏာကောင်း တရပ်ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေ အနေနဲ့လည်း ကိုယ့်ထက်ကြီး သူတွေ၊ ဆရာသမားတွေ အပေါ်မှာ ပိုမိုရိုသေ တန်ဖိုးထားမှု၊ လေးစားမှု၊ အသိ တရား တွေ တိုးပွားမှု တွေဖြစ်လာမှာဖြစ်ပါတယ်” ဟုမိန့် သည်။

အခမ်းအနားကို မွန်းလွဲ ၂နာရီက စတင်ပြီး ညနေ ၅နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

Most read this week