စစ်ရှိန်လျော့ရန်နှင့် ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူ

စစ်ရှိန်လျော့ရန်နှင့် ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူ
by -
မဇ္ဈိမ

ယခုလအတွင်း KIOနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့
ရွှေလီမြို့ Jing Cheng ဟိုတယ်တွင် ဆက်လက် တွေ့ဆုံ ဆွေးနွေးရေး သဘောတူညီခဲ့သည်ဟု KIO မှ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်ထောင်စုငြိိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်။ (ဓာတ်ပုံ- Hla Mg Shwe / Facebook)

KIO နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တို့ ကြိုတင် ဆွေးနွေး ညှိနှိုင်းပြီးနောက်  အစိုးရ နှင့် KIO တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဦးဆွမ်လွတ်ဂမ်က “ဒီနေ့တော့ များများဆွေးနွေးတာ မရှိဘူး။ နောက် UNFC နဲ့ ကျနော်တို့ ပြန်ဆွေးနွေးမယ် ဆိုတဲ့အကြောင်းရယ်၊ စစ်ရှိန် လျော့ဖို့ သဘောတူထားတယ်။ နောက်လုပ်မဲ့ ဆွေးနွေးပွဲကို ပြင်ဆင်ရေးအဆင့် ပါဘဲ” ဟု မဇ္စျိမကို ပြောသည်။

နှစ်ဖက်ထပ်မံ တွေ့ဆုံနိုင်ရေး ဆွေးနွေးခဲ့သဖြင့် အားရကျေနပ်မှု ရှိသည်ဟု ဦးဆွမ်းလွတ်ဂမ်က ပြောသည်။

“တခြားပြဿနာ တွေ မရှိတော့ ဒါအားရတယ်လို့ မဆိုနိုင်သော်လည်း အဆင်ပြေတယ်ပေါ့လေ။ ဦးအောင်မင်း အဖွဲ့အနေနဲ့လည်း ကျေနပ်မှု နည်းနည်းရှိတဲ့ပုံပေါ်ပါတယ်။ နောက်ဆက်လက် ဆွေးနွေးမယ် ဆိုတဲ့ မျှော်လင့်ချက်တွေလည်း အများကြီးရှိတာကိုး” ဟုလည်း ပြောဆိုသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက် တရုတ် ဗဟိုအစိုးရဘက်မှ ကြားဝင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန် နေချိန် အစိုးရ ငြိမ်းချမ်းရေး ကော်မတီနှင့် သီးသန့်တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က KIO ဘက်က ထုတ်ပြန်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် နှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ စစ်ရေးတင်းမာမှုများ လျော့ချနိုင်ရေး၊ နောက်တကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်က ဆိုသည်။

ထို့ပြင် နှစ်ဖက် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖော်နို်င်ရန်၊ ပဋိပက္ခ ဖြစ်ပွားသောနေရာများကို လေ့လာစောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက်သွယ်ဆောင်ရွက်ရန် သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော အဖွဲ့နှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်း၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်နှင့် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေတို့ ပါ၀င်သည်။

လေ့လာသူများအဖြစ်  တရုတ်အစိုးရ နိုင်ငံခြားဆက်ဆံရေးရုံးမှ သံအမတ်ကြီး Mr Luo Zhaohui၊ ကရင်အမျိုးသား အစည်းအရုံး KNU မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း၊ အဖွဲ့ဝင် တဦး၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS-SSA မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့ဝင် နှစ်ဦး၊ ချင်းအမျိုးသား တပ်ဦး CNF တို့မှ ဦးဗစ်တာဗျက်လျန်နှင့် မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားခေါင်းဆောင် အချို့ ယနေ့ ဆွေးနွေးမှုတွင် ပါဝင်မည်ကို ကြိုတင်မသိရဘဲ ဝန်ကြီး ဦးအောင်မင်းနှင့် ညှိနှိုင်း၍ ပါဝင်တက်ရောက်နေခြင်း ဖြစ်သည်ဟု ဦးဆွမ်လွတ်ဂမ်က ပြောဆိုသည်။

“သူတို့က ဦးအောင်မင်းနဲ့ ညှိပြီးတော့ လာတယ်ထင်တယ်။ သူတို့ဟာ သူတို့တော့ လာမယ်မထင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ယခုကဲ့သို့ ဝန်ကြီး ဦးအောင်မင်းက တခြားတိုင်းရင်းသား ခေါင်းဆောင်အချုုိ့ကို ပါဝင်ဆွေးနွေးစေခြင်းမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောဆိုသည်။

“ဒီအစည်းအဝေးက ဗိုလ်ချုပ်မူတူးစေးဖိုး ပါစရာ မလိုပါဘူး။ ဦးအောင်မင်းနဲ့ မလာစေချင်ဘူး။ သူ့ဟာသူလာပေါ့။ ဒီလို ဦးအောင်မင်းတို့က နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ သဘောဘဲ။ တရုတ်ကို ခေါ်လာပြတာဘဲ။ KIO က ခေါင်းမာတယ် ဆိုတဲ့ အပေါက်မျိုး။ အဲတော့ RCSS ကလည်း တရုတ်ပြည်နဲ့ နည်းနည်း ပတ်သက်တာ ရှိပါတယ်။ အဲဒါကြောင့် လာတာနေမှာပါ။ သိပ်တော့ စိတ်တိုင်းကျမှာ မဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ နှစ်ဖက်တွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာသဖြင့် သုံးလကြာ ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ချိန် အစုုိးရစစ်တပ်က KIO ၏ လိုင်ဇာဌာနချုပ်အနီးရှိ ရှေ့တန်းစခန်းများဖြစ်သော ပွိုင့် ရ၇၁၊ ခရာဘွမ်တို့အား စစ်ရေးအရ သိမ်းပိုက်ခဲ့ပြီးနောက် သုံးလကြာမှ ပြန်လည် တွေ့ဆုံနိုင်ခဲ့သည်။

လတ်တလော အခြေအနေအရ KIO ဌာနချုပ်အနီး လဂျားယန်ဒေသအတွင်း၌ ပစ်ခတ်မှု မရှိတော့
သော်လည်း တခြား နေရာများတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဦးဆွမ်လွတ်ဂမ်က ပြောသည်။