တောင်ကုတ် နေပူတောင်ကျောက် ဗီယက်နမ် ကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်မည်

တောင်ကုတ် နေပူတောင်ကျောက် ဗီယက်နမ် ကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်မည်
by -
နိရဥ္စရာ

အမေရိကန် ဒေါ်လာ ၁၈ သန်းခန့် ရင်းနှီးမြုပ်နှံမည့် စီမံကိန်း တစ်ခုကို ဗီယက်နမ် ကုမ္ပဏီ တစ်ခုက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင် မာဘဲလ် ကျောက်ချော ထုတ်လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံသွားမည် ဟု သတင်း ရရှိသည်။

နေပူတောင်ကိုရောင်းချတာကြောင့် တောင်ကုတ်ပြည်သူတွေရဲ့ အနာဂတ် မျှော်လင့်ချက် ရှိလာပါ့မလား??( ဓါတ်ပုံ – နိရဥ္စရာ)

ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီမှာ ဗီယက်နမ်နှင့် မြန်မာ ဖက်စက် ကုမ္ပဏီဖြစ်ပြီး အမည်မှာ Myanmar SIMCO Song Da  Limited Joint Stock Company ဖြစ်သည်။ ၎င်းကုမ္ပဏီသည် ကျောက်ထုတ်လုပ်ငန်းကို နှစ်ပေါင်း ၂၅ နှစ် လုပ်ကိုင်သွားမည် ဖြစ်သည်။

ထုတ်လုပ်မည့် ဧရိယာ စတုရန်း ကီလိုမီတာ ၂ ဒဿမ ၃၇၀၃  ရှိပြီး ကျောက်တန်ချိန် ၈၇၆,၀၀၀,၀၀၀ သိုလှောင်ထားနိုင်မည်ဟု ဆိုသည်။

သို့သော်လည်း ယခုအခါ ထုတ်လုပ်မည့် အဆင့်သို့ မရောက်သေးကြောင်း၊ စတင် စမ်းသပ်မူ အဆင့်တွင်သာ ရှိသေးကြောင်း ရခိုင်ပြည်နယ် သတ္တု ၀န်ကြီး ဦးအောင်သန်းတင်က ပြောသည်။

“ထုတ်လုပ်ဖို့ စမ်းသပ်နေတဲ့ အဆင့်မှာဘဲ ရှိပါသေးတယ်။ အခု လက်ရှိက စမ်းသပ်နေတုန်းပါ” ဟု ပြောသည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ကုမ္ပဏီမှာ   335/BKHDT-DTRNN-DC 1 dated 17/08/2012 မှတ်ပုံ တင်ရရှိသွားပြီ ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ အဖိုးတန် နေပူတောင် ကျောက်များကို နိုင်ငံခြား ကုမ္ပဏီ တစ်ခုသို့ ရောင်းချလိုက်သည် ဆိုသော သတင်းကြောင့် စစ်တွေတွင် မကျေနပ်မူများ တိုးပွားနေဟုလည်း သိရသည်။

ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဦးဉာဏက ယခုလို ပြောသည်။

“ရခိုင်မှာ တိုက်တမ်နီယံ ပါတဲ့ သဲတွေကို ရှာဖွေတွေ့ရှိတယ်လို့ ကြားတယ်။ အခု တရုတ်ကို ရောင်းလိုက်ပြီ။ နောက်တစ်ခါ အဖိုးတန် နေပူတောင်ကျောက်တွေကို ဗီယက်နမ်ကို ရောင်းတယ်လို့ ကြားရတယ်။ အခုလို ရှိတာကို အကုန် ချရောင်းနေတဲ့ အတွက် အခုတလော လူထုကြားမှာ မကျေနပ်သံတွေ တော်တော်များများ ထွက်လာတယ်” ဟု ပြောသည်။

ယခု နေပူတောင်ကျောက်ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး အာဏာပိုင်များ ဘက်မှ လူထု အကြား ပွင့်လင်း မြင်သာမူရှိသော ထုတ်ဖေါ် ပြောကြားမူများ တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

နေပူတောင်ကျောက်သည် အောက်ခံ အိမ်ခင်းကျောက်ပြားများ ထုတ်လုပ်ရန် အရည်အသွေး  အဆင့်မှီ ကျောက်အမျိုးအစား ဖြစ်ပြီး ယခင် မဆလခေတ်ကလည်း အဆိုပါ တောင်မှ ကျောက်ချောများ ထုတ်ယူခဲ့ဖူးသည်။

ယခု နေပူတောင် ကျောက်ထုတ်လုုပ်ခွင့်ရသွားသော ကုမ္ပဏီ၏ ရုံးအား ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် သံလွှင်လမ်း အမှတ် ၉၉အေ/ ၂-၂ တွင် ရုံးဖွင့်လှစ်ထားသည်ဟု သိရသည်။

Most read this week