ဖားကန့်သို့ ဒုက္ခသည်များကို ကူညီရန်လာသော KBC ဓမ္မဆရာများကို အစိုးရဂိတ်မှ တားဆီးလိုက်

ဖားကန့်သို့ ဒုက္ခသည်များကို ကူညီရန်လာသော KBC ဓမ္မဆရာများကို အစိုးရဂိတ်မှ တားဆီးလိုက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ (Seng Ra) ဒေသခံများကို ကူညီထောက်ပံ့မှုပေးရန် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဓမ္မဆရာများကို ဖားကန့် ဆန်ခါ (Sang Hka) အစိုးရဂိတ်မှ တားဆီးလိုက်သည်။

KBC မှ တာဝန်ရှိသူ ဆရာများ ၁၂ ဦးသည် ဆိုင်းရာ (Seng Ra) ကျေးရွာရှိ ဒေသခံများ၏ အကူအညီပေးရန် ခေါ်ဖိတ်ခြင်းအရ ထွက်ခွာလာချိန် ဆန်ခါကျေးရွာရှိ အစိုးရဂိတ်မှ ဖြတ်သန်းခွင့်မပြုပဲ ဖေဖေါ်ဝါရီလ ၁ ရက် ယနေ့တွင် မြစ်ကြီးနားသို့ ပြန်လှည့်ပြန်သွားခဲ့ရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။

“ကျနော်တို့ကို KBC ဆရာတွေဖြစ်လို့ မသွားခိုင်းတာနေမှာပေါ့။ အခုအဲဒီ ဆိုင်းရာ (Seng Ra) က လူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ခက်နေတယ်တဲ့။ အစိုးရတွေ မထွက်ခိုင်းဘူးတဲ့။ အဲဒီမှာ တိုက်ပွဲဖြစ်လာရင် သူတို့အတွက်စိုးရိမ်ရမယ်။ အဲဒါကြောင့် စိုးရိမ်လို့ လာကြည့်တာ။ ကျနော်တို့သွားတော့ အဲဒီဂိတ်က တပ်မှူးက မဖြတ်ခိုင်းဘူး။ မသွားခိုင်းဘူးဆိုပြီး ကျနော်တို့ပြန်လာခဲ့တာ။” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် တိုက်ပွဲအနီး ကျေးရွာဒေသခံများသည် ဖားကန့်မြို့ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အချို့ကျန်ရစ်နေသော လူဦးရေ ၄၀၀ ကျော်ခန့် ဆိုင်းရာကျေးရွာတွင် ရှိနေပြီး ခိုလှုံရန်အခက်ခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါဆိုင်းရာဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်သော်လည်း အစိုးရတပ်ဖွဲ့မှ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲဖြစ်ပွားပြီး KIA တပ်မဟာ (၂) တပ်ရင်း (၆) စခန်းဟောင်းအား အစိုးရတပ်မှ သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ယနေ့တွင်လည်း ဆိုင်းရာအနီး ဂွေခါ (Gwi Hka) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ၎င်းဒေသခံများကို ထိခိုက်လာမည်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ဆိုင်းရာကျေးရွာရှိ ယခင် KIA ဂိတ်တစ်ခုကို အစိုးရတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်တွင်လည်း လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံများ ခေတ္တထွက်ပြေး တိမ်းရှောင်နေချိန် ဆန်ခါ (Sang Hka) ကျေးရွာသို့ အစိုးရတပ်ဖွဲ့များဝင်ရောက်လာကာ ဒေသခံများ၏ နေအိမ်ကို ဖျက်ဆီး၍ ကျောက်စိမ်းတုံးများနှင့် ငွေ စသည်များကို ရှာဖွေမွှေနှောက်ကာ ယူသွားခဲ့ကြောင်း ဒေသခံများပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သည် ကချင်ပြည်နယ် အစိုးရအုပ်ချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများတွင် ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးနေခြင်းဖြစ်ပြီး ဒေသ (၂၁)နေရာတွင် ကူညီစောက်ရှောက်မှုပေးနေကြောင်းသိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ၃၀ ရက်နေ့ထုတ်ပြန်ကြေညာချက်တွေလည်း “ကချင်ဒေသ အတွင်း စစ်ရေးတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ပေးရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား သော အကူအညီပေးသည့် အဖွဲ့အစည်းများအား အကူအညီလိုအပ်သည့် နေရာများ အားလုံးသို့ အတားအဆီးမရှိ အမြန်ဆုံးနှင့် အထိရောက်ဆုံးကူညီခွင့်ပေးရန်၊ ဥပဒေမဲ့ တိတ်တဆိတ်ဖမ်း ဆီးခြင်း၊ လုံခြံုရေးအကြောင်းပြပြီး မတရားဖမ်းဆီးခြင်း၊ စစ်ရှောင်စခန်းများသို့ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများမပြုလုပ်ရန်။” တောင်းဆိုထားသည်။

ထို့အတူ ကချင်ပြည်နယ်အနှံ့တွင်ဖြစ်ပွားနေသော ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်အရာရှိစစ်သည်များ အများအပြား အသက်ပေးခဲ့ရခြင်း၊ အပြစ်မဲ့ပြည်သူများ မြောက်များစွာ ထိခိုက်သေကျေပြီး အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးနေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုသည်။

Most read this week