အဲပုဂံ လေယာဉ်မတော်တဆမှုမှာ လေယာဉ်မှူး၏ တဒင်္ဂဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု ကောက်ချက်ချ

အဲပုဂံ လေယာဉ်မတော်တဆမှုမှာ လေယာဉ်မှူး၏ တဒင်္ဂဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု ကောက်ချက်ချ
by -
မဇ္ဈိမ

အဲပုဂံ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး၏ တဒင်္ဂ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့်ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း က ထုတ်ဖော် ပြောဆိုလိုက်သည်။

press-conference-crush-of-Air-bagan-F-28-MK-0100-XY-AGC-3

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး အဲယားပုဂံ လေကြောင်းလိုင်း F-28 MK 0100, XY-AGC လေယာဉ်မတော်တဆ ထိခိုက်ပျက်စီးခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီက လေကြောင်းသိပ္ပံ ပညာဦးစီးဋ္ဌာန ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖြစ်ပွားစဉ်တွင် လေဆိပ်၌ မြူနှင်းများ အနည်းငယ်ရှိပြီး လေယာဉ်မှာ အမြင့်ပေ ၅၀၀ အောက်တွင် ပျံသန်း ခြင်းကြောင့် လေယာဉ်မှူး၏ တဒင်္ဂ ဆုံးဖြတ်ချက် မှားယွင်းသည့်အပြင် ၎င်းမှာ လေယာဉ် တစီးလုံးတွင် တာဝန်အရှိဆုံးသူ တဦးဖြစ်ကြောင်း ဦးဝင်းဆွေထွန်း က ပြောသည်။

“သူဟာ မြင်နိုင်တဲ့ နေရာမှာ လုံလောက်တဲ့ လုပ်ဆောင်မှုကို မလုပ်နိုင်ခဲ့ပါဘူး။ လုပ်သင့်တဲ့ အနေအထား မျိုးလည်း မလုပ်နိုင်ခဲ့ပါဘူး။ Captain (လေယာဉ်မှူး)ရဲ့ သုံးသပ်ချက် အားနည်းသွားတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

အဆိုပါ လေယာဉ်မှူး၏ လေယာဉ်မောင်းနှင်သည့် အတွေ့အကြံု နာရီပေါင်းမှာ ၅,၉၃၇ နာရီ ရှိပြီး အဲပုဂံလေယာဉ်၌မောင်းနှင်သည့် အတွေ့အကြံုမှာ ၂,၅၄၇ နာရီ ရှိသည်ဟု စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌက ပြောသည်။

လေယာဉ်ပျံသန်းချိန်တွင် လေကြောင်းညွှန်ကြားရေးဋ္ဌာန၏ ညွှန်ကြားမှု မရရှိသည့် အပြင် လေယာဉ် ပထမဆုံး ဝင်ရောက်တိုက်ခိုက်ခဲ့သည့် လေကြောင်းပြေးလမ်းပေါ်ရှိ ဓါတ်တိုင်မှာ အမြင့်ပေ ၅၀၀ ခန့် ရှိခြင်းမှာ ပြောဆိုစရာဖြစ်နေကြောင်း ဦးဝင်းဆွေထွန်း က မှတ်ချက်ချသည်။

“လေယာဉ်က ပြေးလမ်းအမှန်နဲ့ လာတာပါ။ ပြီးတော့ တောင်ဘက်ကပဲ ဆင်းသက်လို့ ရတယ်။ လေကြောင်းလမ်းက တလမ်းသွား ဖြစ်နေတာပါ” ဟု ၎င်းက ပြောသည်။

Black Box ကို စကာင်္ပူနိုင်ငံတွင် သွားရောက်စစ်ဆေးခဲ့ရာ FDR (Flight Data Recorder) မှာ မီးလောင်ဒဏ် များကြောင့်် ခွဲစိတ်ရန် ခက်ခဲနေသဖြင့် ဒီဇင်ဘာလ ၁၈ ရက်တွင်  သြစတေးလျ နှင့် ချိတ်ဆက် ခွဲစိတ်ပြီး ဆင်းကတ်ဖတ်မှု များပြု လုပ်ခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့က ဆိုသည်။

မှားယွင်းမှုရှိသည်ဟု ယူဆခံရသော လေယာဉ်မှူးအနေဖြင့် အရေးယူခံရပါက အများဆုံး လေယာဉ်မောင်း လိုင်စဉ် ပိတ်သိမ်းခံရခြင်း ဖြစ်၍ အနည်းဆုံး ပြစ်ဒဏ်မှာ လေယာဉ်မောင်း ပညာအား ပြန်လည်သင်ယူခြင်း ဖြစ်သည်။

“လေယာဉ်မှူးကလည်း တကယ်စည်းကမ်းရှိပြီး အရည်အချင်းပြည့်ဝသူ တယောက်ပါ။ အခုဟာက သူ တခဏလေး အတွင်းမှာ ဆုံးဖြတ်ချက် လွဲသွားတာမျိူးလည်း ဖြစ်နိုင်ပါတယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးမြင့်မောင် က ပြောသည်။

ယခုစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လတ်တလော အဖြေအရ လေယာဉ်၏ စက်ချို့ယွင်းမှုလည်း မရှိကြောင်း၊ ရာသီဥတု အခြေအနေမှာလည်း အသင့်အတင့် ရှိကြောင်း သို့သော် လေယာဉ်ပျံသန်းမှု မလုံလောက်သည့် အမြင့်ပေတွင် ပျံသန်းခဲ့ခြင်းကြောင့် ယခုလိုဖြစ်သည် မှတ်ချက်ပြုသည်။

ယခု ရှင်းလင်းပွဲသည် Black Box  သွားရောက် စစ်ဆေးပြီးနောက် ရရှိလာသော အချက်အလက်ပေါ် အခြေခံကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး စစ်ဆေးတွေ့ရှိချက် ရလဒ်ကို ထုတ်ပြန်ရန်အတွက် လိုအပ်သော စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရဦးမည် ဖြစ်သည်ဟု ဦးဝင်းဆွေထွန်း က ပြောသည်။

ရန်ကုန်မှ ဟဲဟိုးသို့ ပျံသန်းသည့် အဲပုဂံလေကြောင်းလိုင်းပိုင် ဖော်ကာလေယာဉ်သည် ဟဲဟိုးလေဆိပ်အဆင်း လမ်းကြောင်းမှားယွင်းဆင်းသက်ကာ မြေပြင်ပေါ်မှ ဓါတ်တိုင်များ၊ သစ်ပင်များနှင့် ကားလမ်းပေါ်မောင်းနှင် လျှက်ရှိသည့် မော်တော်ဆိုင်ကယ်တစီးတို့ကို တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့သည်။

ယင်းလေယာဉ် ပျက်ကျ၍ ခရီးသည် နှစ်ဦး သေဆုံးပြီး နိုင်ငံခြားသားများအပါအဝင် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Most read this week