ခြောက်လုံးပြူးနဲ့ WY စိတ်ကြွဆေးပြား ကယ်ရီ လုပ်ပေးရာမှ ရဟန်းတော် အဖမ်းခံရခြင်းဟု ဆို

ခြောက်လုံးပြူးနဲ့ WY စိတ်ကြွဆေးပြား ကယ်ရီ လုပ်ပေးရာမှ ရဟန်းတော် အဖမ်းခံရခြင်းဟု ဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းမှာ ခြောက်လုံးပြူးတစ်လက်၊ WY လို့ခေါ်တဲ့ ယာဘားဆေးပြား တွေနဲ့ အတူ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းခံခဲ့ရတဲ့ ရဟန်းတော်ဟာ သူများ ပစ္စည်း ကယ်ရီလုပ်ပေးရာ ကနေ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေ ရရှိပါတယ်။

စစ်တွေ ဆိပ်ကမ်းမှ အမြန်ယာဉ်များ။ ( ဓါတ်ပုံ – နိရဥ္စရာ)

သူနဲ့ နီးစပ်တဲ့ မိတ်ဆွေ တစ်ဦးရဲ့ ပြောပြချက် အရ အဖမ်းခံရတဲ့ ရဟန်းတော် ဦးအိန္ဒြာစာရဟာ ဘူးသီးတောင်မြို့ ဇာတိဖြစ်ပြီး စစ်တွေကနေ အဲဒီအိတ်ကြီးကို အခကြေးငွေယူပြီး သယ်ယူပေးစဉ်မှာ စစ်တွေ သင်္ဘော ဆိပ်ကမ်းမှာ ဒီဇင်္ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနေ့ နံနက် ရ နာရီခွဲခန့်မှာ စစ်တွေမြို့ကနေ ဘူးသီးတောင်သို့ ထွက်ခွာမယ့် မလိခအမြန် ရေယာဉ်ပေါ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအိတ်ထဲမှာ ဘာတွေ ပါလာသလဲဆိုတာကိုလည်း ရဟန်းတော်က ကောင်းကောင်းမွန်မွန် သိရှိပုံ မရဘူးလို့ ဆိုပါတယ်။

သူရဲ့ လက်ဆွဲအိတ် အတွင်းကနေ ခြောက်လုံးပြူး လုပ်သေနတ် တစ်လက်၊ ကျည်မျိုးစုံ ၂၆ တောင့်၊ ၉၁ မမ လက်ပစ်ဗုံးတစ်လုံး၊ ၉ မမ ကျည် အိမ်တစ်ခု၊ CDMA-450 လက်ကိုင်ဖုန်းတစ်လုံးနဲ့ အတူ WY  စိတ်ကြွဆေးပြား ၄၉၆၀၀ တို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ရဲကပြောပါတယ်။

အဲဒီ စိတ်ကြွဆေးပြားပိုင်ရှင်ဟာ ဘူးသီးတောင်က ဖြစ်ပြီး ရဟန်းတော် သယ်လာတဲ့ ပစ္စည်းတွေကို လျို့ဝှက်စွာ ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ရဲအဖွဲ့က ဒီဆေးပြားနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေကို လိုက်လံ စုံစမ်း စစ်ဆေးနေပါတယ်။

စစ်တွေ ရဟန်းပျို စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဦးဉာဏ ပြောတာကတော့ ရဟန်းတော်တွေကို ပြည်သူက အားကိုး ယုံကြည် လေးစားကြည်ညိုနေတာကို အထင်အမြင် လွဲအောင် နဲ့ တမင်သက်သက် သိက္ခာကျ အောင် အကွက်ကျ စီစဉ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးအိန္ဒြာစာရ (၃၈) နှစ်ရဲ့ လူနာမည်က ဦးထွန်းအေးကျော် ဖြစ်ပြီး သူနဲ့ အတူ ဦးသန်းလှိုင် (ခ)ဦးမောင်လုံး (၃၇) နှစ်လည်း အဲဒီနေ့က အတူ အဖမ်းခံခဲ့ရပါတယ်။

Most read this week