KNU ဖားအံခရိုင်မှ ၆၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ BGF တက်ရောက်ဆင်နွှဲ

KNU ဖားအံခရိုင်မှ ၆၄ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ BGF တက်ရောက်ဆင်နွှဲ
by -
ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇) ဌာနချုပ်နယ်မြေ၌ ယနေ့ကျင်းပသည့် ၆၄ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ၅၀ ခန့် တက်ရောက်ဆင်နွှဲခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်-DKBA မှ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့ ပြီးကတည်းက KNU နှစ်စဉ် ပြုလုပ်ကျင်းပသည့် ကရင့်တော်လှန်ရေးနေ့ကို နယ်ခြားစောင့်တပ်မှ ယခုပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ကရင့်တော်လှန်ရေး အခမ်းအနား တက်ရောက်ခဲ့သူ BGF (၁၀၁၅)တပ်ရင်းမှ (ဗိုလ်မှူး)စောမောင်လဝါက “ကရင့်တော်လှန်ရေး နေ့ကို အခုလို တက်ရောက်ဆင်နွှဲခွင့်ရတာ ပထမဦးဆုံး အကြိမ်ပါ။ နောက် ကိုယ့်လူထုတွေကို အခုလို စုံစုံညီညီတွေ့တော့ အရမ်းကို ၀မ်းသာပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ကရင်ပြည်သူလူထုများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တာဝန် ထမ်းဆောင်သွားရန် KNU နှင့်အတူ သဘောထား တစ်ထပ်တည်းရှိကြောင်းလည်း အဆိုပါ BGF ဗိုလ်မှူးက ဖြည့်စွက်ပြောဆိုသည်။

အခမ်းအနားတက်ရောက်ခဲ့သူ ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက “ဒီနှစ်မှာတော့ အရင်နှစ်တွေလို မဟုတ်ပဲ အစိုးရတပ်ဖွဲ့ ၀င်ဖြစ်သွားတဲ့ BGF လည်း ဒီနေ့လိုပွဲမှာ တက်ရောက်တာတွေ့ရတော့ အရမ်း ၀မ်းသာတယ်။ နောက်နှစ်ကျရင်လည်း ဒီလိုပဲ စုစု စည်းစည်းနဲ့ တွေ့ဆုံကြဖို့ မျှော်လင့်တယ်”ဟု ပြောသည်။

ထို့အပြင် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် BGF တပ်ဖွဲ့ဝင်အချို့နှင့် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများ၊ ကရင်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စသည့် လူထုပရိဿတ် ၁,၀၀၀ကျော် တက်ရောက်ခဲ့ကြသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကျနော်တို့ ကရင်လူမျိုးတွေဟာ စည်းလုံးညီညွတ်မှု မရှိခဲ့ကြလို့ တခြားလူမျိုးစုရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ နေထိုင်လာခဲ့ရတယ်။ ကရင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်ရှိဖို့ ကရင်တမျိုးသား လုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ KNU မှာပဲ တာဝန်ရှိတာမျိုး မဟုတ်ပဲနဲ့ တမျိုးသားလုံး ပါ၀င်လုပ်ဆောင် သွားစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတော် အစိုးရနှင့် KNU တို့အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားခဲ့ပြီး ဖြစ်သော်လည်း ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်ရှိရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အခြားတိုင်းရင်းသား မဟာမိတ် အင်အားစုများနှင့် ပူးပေါင်းကာ နိုင်ငံရေးအဆင့် ရောက်သည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဥက္ကဌ စောမူတူးစေးဖိုးက ပြောခဲ့သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ကရင်လူမျိုးတွေဟာ တိုက်ပွဲကိုလိုလားလို့ တော်လှန်ရေး စခဲ့ကြတာ မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေရှိဖို့ စတင် ခဲ့တာ။ ဒါကြောင့် ယနေ့ထိ ကရင်အမျိုးသားရေး အတွက် အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ခဲ့သူတွေကို ပြန်လည်သတိရပြီး နှစ်စဉ် ဂုဏ်ပြုခဲ့တဲ့နေ့ဖြစ်သလို ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားကြဖို့ အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်”ဟု ပြောသည်။

ယနေ့ နံနက် ရ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပခဲ့သည့် အခမ်းအနားတွင် စစ်ရေးပြခြင်း၊ စစ်ရေး ပြစစ်သည်များကို KNU စစ်ဦးစီးချုပ်မှ လိုက်လံစစ်ဆေးခြင်း၊ ကရင်အမျိုးသား အလံတော်ကို အလေးပြုခြင်းနှင့် ဒုံးယိမ်းကခြင်း စသည့်အစီအစဉ်များ ပါ၀င်သည်။

ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဌာနချုပ် အပြင် ကျန်တပ်ရင်း၊ တပ်မဟာများ၌လည်း အသီးသီး ကျင်းပခဲ့ကြရာ ကော့ကရိတ်မြို့နယ်၊ အူးကလေးခီးနေရာ၌ ပြုလုပ်သည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ကရင်အမျိုးသားများက  တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလ အစိုးရထံ နိုင်ငံရေးနည်းဖြင့် တောင်းဆိုခဲ့သော်လည်း  မရခဲ့သဖြင့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို စတင်လာခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

Most read this week