ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအပါအဝင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဖေါ်ဆောင်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရေး ဦးတည်ကြိုးပမ်းကြရန် သက်ဆိုင်သူအားလုံးသို့ မွန်ပြည်သစ်ပါတီက အလေးအနက် တိုက်တွန်းလိုက်သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းအပေါ် ၂၀၁၃ -ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကချင်ဒေသမှာ ဘယ်သူက ကျူးကျော်စစ်၊ ခုခံစစ်ဆိုတာ ခွဲခြားတတ်ဖို့လိုတယ်၊ ကချင်ကို အစိုးရတပ်က ထိုးစစ်ဆင်နေတဲ့ ကိစ္စရပ်တန့်ဖို့ ကျနော်တို့ အဖွဲ့ပေါင်းစုံကနေပြီးတော့ ထင်ထင်ပေါ်ပေါ်နဲ့တောင်းဆိုနေကြပါတယ်” ဟု ပြောသည်။
ထို့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး အတွက် အစိုးရ၏ ဗမာ့တပ်မတော်ဘက်မှ သဘောထားကြီ်းစွာနှင့် KIO အားဝိုင်းပတ်ပိတ်ဆို့ ထားခြင်းကိုဖွင့်ပေးပြီး နှစ်ဖက်တပ်ကိုခွာ၍ တိုက်ပွဲရပ်စဲသွားစေရန် လုပ်ဆောင်သင့်သည်ဟုလည်း ဆိုသည်။
တိုးတက်သော မွန်လူငယ်အစည်းအရုံး Mon Youth Progressive Organization ဥက္ကဌ မင်းဉာဏ်စိုက်ရာမာဉ်က တစ်ဖက်တွင် လူမျိုးရေး မုန်းတီးနာကျည်းမှုအထိ ဖြစ်စေနိုင်သည့် စစ်ရေးကျူးကျော်မှု ပြဿနာမှအစပြု၍ ကချင်ဒေသအား ခုခံကာကွယ်ကြမည့် လူငယ်အများအပြား ပေါ်ထွန်းလာနိုင်ပြီး စစ်မီးများပို၍ တောက်လောင်လာမည့်အရေးကို စိုးရိမ်မိကြောင်း ပြောသည်။
သူက “နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ကြဘူးဆိုရင် လူငယ်တွေဘက်က ခုခံကာကွယ်မယ့် စိတ်ဓါတ်တွေနဲ့ လူမျိုးရေးအရ အမုန်းပွားလာပြီး စစ်မီးတွေ ပိုပြီးတောက်လောင်လာမယ်၊ အခုစစ်ဘေးဒဏ်ကြောင့် ကချင်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ဒုက္ခပိုခံစားနေကြရတယ်၊ ဒီလိုအခြေအနေမှာ ကချင်လူငယ်တွေအနေနဲ့ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျနော်တို့မွန်လူငယ်တွေကလည်း စာနာမိပါတယ်” ဟု ပြောသည်။
ကချင်ဒေသ စစ်ပွဲရပ်တန့်ရန် ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က တပ်မတော် စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့သော်လည်း ထိုးစစ်ရပ်စဲခြင်းမရှိခဲ့သလို၂၀၁၃-ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်၍ အစိုးရဖက်မှ ထိုးစစ်ကိုရပ်နားလိုက်ပြီဟု ကြေငြာခဲ့သည့်နောက်ပိုင်း KIO ဌာနချုပ်အနီးရှိ ဗျူဟာမြောက်တောင်ကုန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ယင်းစစ်ပွဲကြောင့် သက်ဆိုင်ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များအပါအဝင် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့ရပြီး သိန်းနဲ့ချီသော ဒေသခံပြည်သူများ အိုအိမ်နှင့်လုပ်ငန်းခွင်ကို စွန့်ခွာကြရကာ ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင် နေကြရဆဲ ဖြစ်သည်။
၁၉၉၄ ခုနှစ်က အပစ်ရပ်စဲမှု သဘောတူညီခဲ့သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာအစိုးရ တပ်မတော်တို့အကြား လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်အကြာ ပြန်လည်ဖြစ်ပွားနေသော စစ်ပွဲသည် ၂၀၁၂ - ခုနှစ် အကူး ၂၀၁၃ ခုတွင် အစိုးရစစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ပြင်းပြင်းထန်ထန်တိ်ုက်ခိုက်လာခဲ့သည်။
နိုင်ငံရေးပြဿနာကို တဖွဲ့တည်းသီးခြားဆွေးနွေးရန်မဟုတ်၊ UNFC ကိုမဏ္ဍိုင်ထားပြီး စုစည်းနိုင်သမျှအဖွဲ့ အစည်းများနှင့်စုပေါင်း၍ ဆွေးနွေးခြင်းကိုသာ လိုလားလက်ခံသည်ဟု မွန်ပြည်သစ်ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။