ရခိုင် ရေငန် ပုဇွန် မွေးမြူရေးနှင့် တင်ဒါ ငါးဖမ်းလုပ်ကွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ရခိုင် ရေငန် ပုဇွန် မွေးမြူရေးနှင့် တင်ဒါ ငါးဖမ်းလုပ်ကွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
by -
နိရဥ္စရာ

တဖြည်းဖြည်း ကျဆင်း ပျက်စီးလာနေသော ရေငန် ပုဇွန် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်  တင်ဒါ ငါးဖမ်းကွက်များ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားကို  စစ်တွေမြို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ခန်းမတွင် နေ့လည် တစ်နာရီမှ ညနေ ငါးနာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျင်းပပြုလုုပ်သော ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ရခိုင်ပြည်နယ်တွင် ရေငန် ပုဇွန်မွေးမြူရေး လုပ်ငန်း ကျဆင်းနေသဖြင့် အဆိုပါ လုပ်ငန်း ကြီးထွား တိုးတက်လာရန်နှင့် တင်ဒါ ငါးဖမ်းကွက်များကို လုံးဝ ကင်းလွှတ်ခွင့်ပြုပြီး လွတ်လပ်စွာ ငါးဖမ်းခွင့် ပြုသင့် မသင့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု အလုပ်ရုံးဆွေးနွေးပွဲကို တက်ရောက်ခဲသူ ဦးစံကျော်လှက ပြောသည်။

“ဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက်ချတာ မရှိပါဘူး။ သူ့အမြင် ကိုယ့်အမြင်ကို ဖလှယ်ကြတဲ့ သဘောပါ။ အခုက ရေငန် ပုဇွန်လုပ်ငန်းက လုံးဝ ကျဆင်းနေတယ်။ ဒါကို တိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။ ဒါတွေကို သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးကြတယ်။ တင်ဒါ ငါးဖမ်းကွက်တွေကိုလည်း လေလံ မပေးတော့ဘူးဆိုရင် တခုချင်းအလိုက် ဖြေလျော့ပေးမလား။ အားလုံးကို တစ်ခါတည်း လွတ်လပ်စွာ ဖမ်းခွင့် ပြုလိုက်တော့မလား။ အဲသလို ပြုလိုက်ရင် ဆိုးကျိုး ကောင်းကျိုးတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဆွေးနွေးကြတာပါ” ဟု ဆိုသည်။

ကျဆင်းနေသော ရခိုင်ပြည်နယ် ရေငန် ပုဇွန်မွေးမြူရေး လုပ်ငန်း တိုးတက်ကောင်းမွန်အောင် တက်ရောက် သူများက အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ စုနှစ်က ရခိုင် ရေငန် ပုဇွန်မွေးမြူရေး တော်တော့ကို အောင်မြင်ခဲ့ပါတယ်။ သဘာဝနဲ့ မွေးမြူ တယ်ဆိုပေမယ့် သူ့အတိုင်းအတာရ တော်တော့ကို အောင်မြင်ပြီး မွေးမြူတဲ့ လူတွေနဲ့ အကျိုးခံစားခွင့် ရှိခဲ့ပါတယ်။ ဒီကနေ့ အခြေအနေအရ ရေငန် ပုဇွန်က တော်တော့ကို ကျဆင်းသွားခဲ့ပါတယ်။ ထုတ်လုပ်တဲ့ လူတွေ တွက်ခြေကိုက်တဲ့ အနေအထားမှာတောင် မရှိဘူး။ ဒါကြောင့် ဒီအခြေအနေကနေဘယ်လိုကျော်လွှား နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ရေငန် ပုဇွန် မွေးမြူရေး လုပ်ငန်း ပျက်စီးရခြင်း အဓိက အကြောင်းအရင်းများမှာ နိုင်ငံတကာ၏ စီးပွားရေး  ပိတ်ဆို့ခံရမူကြောင့် စျေးကွက်ကောင်း မရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူ များလာခြင်း၊ မွေးမြူ ထုတ်လုပ်သူများ အနေဖြင့် လိုအပ်သော ငွေကြေး မလိုက်နိုင်ခြင်း၊ ရခိုင် ဒေသတွင်  တခြားဒေသမှ လာသော ကုမ္ပဏီများမှ ခေတ်မှီ သင်္ဘောကြီီးများဖြင့်  ငါးဖမ်းမူများကြောင့် မြစ်ချောင်းအင်းအိုင်တွေမှာ သားငါးပုဇွန် ရှားပါးလာခြင်း တို့ကြောင်း ဖြစ်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ လွှတ်တော် ဒုဥက္ကဌနှင့် စီးပွားရေး ၀န်ကြီး အပါအဝင် မွေးမြူရေး လုပ်ငန်းရှင်များ၊ တင်ဒါ ရရှိသူများ စုစုပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

“ရခိုင် ၀န်ကြီးချုပ်က ပြောတာကတော့ ရေငန် ပုဇွန်လုပ်ငန်းဟာ အမှန်တကယ် ပျက်စီးနေတဲ့ အတွက် အခုလို အလုပ်ရုံ ခေါ်ယူ ပြုလုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ တင်ဒါ ငါးဖမ်းကွက်တွေနဲ့ ပတ်သက်ပြီး ပြောတာမှာလည်း ဘုံငါးဖမ်းလုပ်ကွက်တွေ သတ်မှတ်ပေးမယ့် ရေပြင်တွေ ရှိသလို ဆက်လက်ထိန်း ထားရမယ့် ရေပြင်တွေလည်း ရှိတယ်။ စည်းမဲ့ကမ်းမဲ့ ဖြစ်ရင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူတွေနဲ့ ရေရှည်မှာ ထိခိုက်နိုင်တဲ့ အတွက် အဆိုးနဲ့ အပြစ်ကို တွက်ချက် လုပ်ကိုင်ရမယ်လို့ ပြောသွားပါတယ်” ဟု ဆိုသည်။

တင်ဒါ လုပ်ငန်းမှ နိုင်ငံတော် အစိုးရမှ နှစ်စဉ် သိန်း ၁၉၀၀ ရရှိကြောင်း သိရသည်။ မြစ်ချောင်းများကို တင်ဒါ ပေးသည်မှာ အကျိုးအမြတ် တစ်ခုတည်း အတွက် ကြည့်ရှု့ခြင်း မဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင်နှင့် ရေနေသတ္တဝါများ အလွန်အကျွံ မပြုန်းတီးရန် ရည်ရွယ်ချက်လည်း ပါ၀င်သည်ဟု ရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

လောလောဆယ် ဆုံးဖြတ်ချက်များ မရရှိသေးသော်လည်း နောက်ထပ် (၂) ကြိမ် (၃) ကြိမ် ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ ထွက်ပေါ်လာမည် ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်သည် လယ်ယာ လုပ်ငန်းပြီးလျှင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်သော ပြည်နယ် တစ်ခု ဖြစ်သော်လည်း ဒေသခံများမှာ အရင်းအနှီး နည်းပါးမူ၊ ခေတ်မှီ စက်ကရိယာများကို အသုံး မပြုနိုင်သဖြင့် ရေလုပ်ငန်းမှာ တဖြည်းဖြည်း ကျဆင်းနေသည်ဟု သိရသည်။

Most read this week