အမေရိကန် သံအမတ် ရခိုင်ခေါင်းဆောင်များကို တွေ့ဆုံ

အမေရိကန် သံအမတ် ရခိုင်ခေါင်းဆောင်များကို တွေ့ဆုံ
by -
နိရဥ္စရာ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell သည် ရန်ကုန်မြို့ အမေရိကန် သံရုံးသို့  ရခိုင်ခေါင်းဆောင် တစ်ချို့ကို ဖိတ်ခေါ်ပြီး ရခိုင် အရေးကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အမေရိကန် သံအမတ် Derek Mitchell စစ်တွေတွင် ရခိုင်လူငယ်များနှင့် တွေ့ဆုံစဉ်က။

တွေ့ဆုံပွဲကို ရန်ကုန်မြို့ တက္ကသို်လ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးတွင်  ဇန္နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်ဟု ဆွေနွေးပွဲတွင် ပါ၀င်ခဲ့သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက  ပြောသည်

အမေရိကန် သံအမတ်မှ ရခိုင်ခေါင်း ဆောင်တစ်ချို့ကို ခေါ်ယူတွေ့ဆုံသည့် အကြောင်းမှာ ရခိုင်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်များ၏ အမြင်သဘောထားကို သိလို၍ ဖြစ်သည်ဟု သူက ဆိုသည်။

“ကျွန်တော်ထင်တာက ဟိုတနေ့က မောင်တောမှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သတ်လို့  ဘင်္ဂလီအုပ်စုက သံရုံးကို ၀င်ပြီး အရင် တွေ့တယ်လို့ ထင်ပါတယ်။ ပြီးမှ ကျွန်တော်တို့နဲ့တွေ့တာပါ။ သံရုံးက ပြောတာကတော့ လူမျိုးနှစ်ခု ပြန်လည်နေရာချ ထား ရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ နောက်ပြီး အမေရိကန်ကကူညီမဲ့ ဒေါ်လာ ၄ ဒဿမ ၂ သန်းကို မျှမျှတတ သုံးစွဲဖို့ ဆိုတဲ့အ ကြောင်းတွေကို ပြောကြတာပါ။ ပြောပြီးသား အကြောင်းတွေကို ထပ်ပြောကြတာပါ” ဟုဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာအနီးတွင် ဖြစ်ပွားသော ဆူပူမူတွင် စစ်တပ်မှ ပစ်ခတ်သည့် အတွက် ဘင်္ဂလီတစ်ဦး သေဆုံးခဲ့ပြီး ၎င်းနေ့ည ၉ နာရီခန့်တွင် ဝေသာလီကျေးရွာအနီး ဂေါက်ကွင်းရှိ် အစိုးရ အဆောက်အဦးတခု မီးရှို့ခံခဲ့ရသည်။

တွေ့ဆုံပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးသာဘန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးဦးလှစော၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်အမျိုးသားကွန် ယက်မှ အတွင်းရေးမှူး(၁) မသန်းသန်းရွှေတို့ ပါ၀င်ခဲ့သည်။

အမေရိကန် သံအမတ်မှ လက်ရှိရခိုင်ပြည်နယ် အခြေအနေတချို့ကို မေးမြန်းခဲ့သည့်အတွက် ၀န်ကြီးဇော်အေးမောင်မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း  ဦးဦးလှစောက ယခုကဲ့သို့ ဆက်ပြောသည်။

“ကျွန်တော်တို့ ရခိုင်အမျိုးသားတွေဘက်က ငြိမ်းချမ်းရေးအတွက် နောက်ဆုံးသည်းခံနိုင်တဲ့ အနေအထားထိ သည်းခံနေ တယ်ဆိုတဲ့အကြောင်း၊ ဘင်္ဂလီတွေဘက်က နောက်ထပ် ပြဿနာအကြီးအကျယ် ဖြစ်လာအောင် အမြဲရန်စနေတဲ့ အကြောင်းတွေကို ပြောပြတယ်။ နောက်တခုက သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ကို ပြောလိုက်တဲ့အချက် ၃ ချက်ကို ကျွန်တော်တို့ ရခိုင်တွေဘက်က သဘောတူတယ်။ ဒါပေမဲ့ သမ္မတက ပြောသာပြောပြီး အ ကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ ကြန့်ကြာနေတယ်၊ ဒါကြောင့် ဒီပြဿနာတွေ ဖြစ်နေရတယ်ဆို တဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်” ဟု ဆိုသည်။

၎င်းပြင် ဦးလှစောက သူတို့အထဲမှ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စိစစ်ပြီး  နိူင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပြီး သူတို့ကို လူ့အခွင့်အရေး အပြည့်အဝ ပေးကာ မြန်မာနိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်လိုကြောင််း၊ နိုင်ငံသား မဖြစ်သူများကို သမ္မတကြီး ဦးသိန်းစိန် ပြောသကဲ့သို့ UNHCR အကူအညီဖြင့် စခန်းဖွင့်လှစ်ပြီး လက်ခံမည့် နိုင်ငံများ ရှိက ပေးပို့သင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ ဆုံစဉ် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ်ထားရှိပြီး UNHCR က ကျွေး မွေးစောင့်ရှောက်ပေးရန်နှင့် တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဟု ပြောကြားခဲ့သည်။

၎င်းပြင် ဆွေးနွေးပွဲတွင် ဦးဦးလှစောမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့်  လက်ရှိ ပြဿနာများမှာ ရခိုင်ပြည်နယ်အစိုးရမှ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ရာတွင် အလွန်အားနည်းချက်များ ရှိနေ၍ ဖြစ်ကြောင်း  အမေရိကန် သံအမတ်အား တင်ပြ ပြောဆိုခဲ့သည်ဟု ဆိုသည်။

Most read this week