အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးယူဖို့ ကြိုးပမ်းမှု ရပ်တန့်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တောင်းဆို

အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးယူဖို့ ကြိုးပမ်းမှု ရပ်တန့်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တောင်းဆို
by -
ကချင်သတင်းဌာန

အဓမ္မနည်းဖြင့် ငြိမ်းချမ်းရေးရယူရန် ကြိုးပမ်းခြင်းထက် စစ်မှန်ပြီး တရားမျှတသော ငြိမ်းချမ်းရေး ရရှိနိုင်ရန် “တိကျသောမူဝါဒများ၊ လုပ်ငန်းစဉ်များ” ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (Kachin Baptist Convention, KBC) က တောင်းဆိုလိုက်သည်။

ဇွန် ၁၁၊ ၂၀၁၂ KBC အတွင်းရေးမှူး Rev. Dr. Hkalam Sam Sun မှ နှစ်ခြင်းလူငယ်များရဲ့ ကချင်စစ်ပွဲ ၁ နှစ်ပြည့် အခန်းအနားသို့ တက်ရောက် စကားပြောနေစဉ်။

KBC ၏ ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေး ဆုတောင်းခြင်း အစီစဉ်တွင် မြန်မာပြည်တဝှမ်း အသင်းတော် ဇုံနယ် ၁၅ ခုမှ ဓမ္မဆရာ ၁၅၀ က ဦးဆောင်၍ မြစ်ကြီးနားမြို့ ဂျော်ဘွမ် (Jaw Bum) ဆုတောင်းတောင်တွင် ၀တ်ပြုဆုတောင်းပွဲ အစီစဉ်ပြုလုပ်ခြင်းနှင့်အတူ အစိုးရထံ အချက် (၄) ချက်အား တောင်းဆိုလိုက်ကြောင်း အဖွဲ့ဝင်ဆရာများ ပြောသည်။

အစိုးရစစ်တပ်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ကြားဖြစ်ပွားနေသော တိုက်ပွဲများနှင့် အစိုးရမှ လူမျိုးရေးတိုက်ခိုက်ချေမှုန်းမှု ထိုးစစ်ဆင်မှုမျိုး မပြုလုပ်ပဲ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာနိုင်ရန် မျှော်လင့်သည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun က ပြောသည်။

“အစိုးရက လွှတ်တော် အစည်းအဝေး တွေမှာတောင် ကချင်တွေအားလုံးကို အမြစ်ပြုတ်ချေးမှုန်း မယ်ဆိုတဲ့့ အတိုင်း လက်တွေ့မှာဖြစ်နေတယ်။ ကျွန်တော်တို့ ဆန္ဒပြတောင်းဆိုရင်လည်း သူတို့က ဘာမှအရေး လုပ်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ထက်သာတဲ့ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းခြင်းဖြစ် တယ်။” ဟု သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ကချင်သတင်းဌာန (KNG) သို့ပြောသည်။

မြန်မာနိုင်ငံ သမ္မတ၏  “ထာဝရငြိမ်းချမ်းရေး လမ်းပြမြေပုံ” ဖော်ဆောင်နေစဉ် ကာလအတွင်း တိုင်းရင်းသားများကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ကချင်ဒေသအတွင်း စစ်ရေးတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ပေးရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့များအား အကူအညီလိုအပ်သည့် နေရာများ အားလုံးသို့ အတားအဆီးမရှိ အမြန်ဆုံးနှင့် အထိရောက်ဆုံး ကူညီခွင့်ပေးရန်၊ ဥပဒေမဲ့ တိတ်တဆိတ် ဖမ်းဆီးခြင်း၊ လုံခြံုရေး အကြောင်း ပြပြီး မတရားဖမ်းဆီးခြင်း၊ စစ်ရှောင်စခန်းများသို့ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ အမျိုးသမီးများအားအဓမ္မပြု ကျင့်ခြင်းများ မပြုလုပ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို လေးစားလိုက်နာရန် တောင်းဆိုထားသည်။

ထို့အတူ ကချင်ပြည်နယ်အနှံ့တွင်ဖြစ်ပွားနေသော ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်အရာရှိ၊ စစ်သည်များ အများအပြား အသက်ပေးခဲ့ရခြင်း၊ အပြစ်မဲ့ပြည်သူများ မြောက်များစွာ ထိခိုက်သေကျေပြီး အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးနေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံး၏ ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုသည်။

စစ်မက်များ ဆက်လက်ဖြစ်ပွား နေခြင်းကြောင့် လက်ရှိချိန် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေပြီး ကျေးရွာပေါင်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မိမိတို့တန်ဖိုးထားသော သန့်ရှင်းမြင့်မြတ်သည့် ဘုရားဝတ်ပြုကျောင်း ၆၆ ဖျက်ဆီးခံခဲ့ရပြီး အချို့ဘုရားဝတ်ပြုကျောင်းများအတွင်း ညစ်ငြမ်းယုတ်ညံ့သည့် လုပ်ရပ်များလုပ်ဆောင်ခြင်းကို ကြုံတွေ့ရသည့်အပြင် စစ်အခြေအနေများ ပိုမိုပြင်းထန် ဆိုးဝါးလာသော ကြောင့် KBC မှ လွန်စွာစိုးရိမ်နေသည်ဆိုသည်။

ယခုချိန် ကချင်လူထုနေထိုင်သော နယ်မြေဒေသများတွင် စစ်ပွဲများဖြစ်ပွားနေပြီး ဓါတုလက်နက်အပါအဝင် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် စစ်အင်အားအမြောက်များအသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ကို ရပ်တန့်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန် တောင်းဆို ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ နယ်မြေတဝိုက်မှ KIA ၏ အမာခံ ခံစစ်စခန်းများ အားလုံးကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားသော်လည်း ငြိမ်းချမ်းရေးတည်ဆောက်နိုင် မည် မဟုတ်ကြောင်း ပါ၀င်သောဆရာများကလည်း ဆိုသည်။

KBC အသင်းချုပ်၏ ထုတ်ပြန်ကြေငြာချက်အောက်တွင် ခရစ်ယာန်သမ္မာကျမ်းစာမှ “တရားသဖြင့် စီရင်သော ရှင်ဘုရင်သည် တိုင်းပြည်ကို တည်စေတတ်၏။ တံစိုး စားသော ရှင်ဘုရင်မူကား၊ တိုင်းပြည်ကို မှောက်လှန် တတ်၏။ သုတ္တံ ၂၉း၄” ဟု ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ ငြိမ်းချမ်းရေးစည်းဝေး ဆုတောင်းခြင်းအစီစဉ်ကို အသင်းတော် ဇုံနယ် ၁၅ ခုနှင့်အတူဝတ်ပြုခြင်း သည် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး နံနက် ရ နာရီမှ ၁၀ နာရီချိန် ၀တ်ပြုရာတွင် ဒေသခံလူထု  ၃၀၀ ခန့်တက်ရောက် ပါ၀င်ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကို ၁၉၁၀ ခုနှစ်မှ စတင်ဖွဲ့စည်းထားပြီး ပြည်တွင်းပြည်ပကမ္ဘာ တစ်လွှားရှိ ကချင်တိုင်းရင်းသားလူမျိုးစုအများစုဖြင့် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ဖြစ်ကာ ကမ္ဘာ့နှစ်ခြင်း အဖွဲ့ချုပ်၏ အဖွဲ့ဝင်လည်းဖြစ်၍ သန်းပေါင်း နှစ်ထောင်ကျော်သော ခရစ်ယာန် ဘာသာဝင်များနှင့် ဆက်သွယ်နေသော အဖွဲ့ချုပ်ဖြစ်ကြောင်း သိရသည်။

(KIA) နှင့် အစိုးရစစ်တပ်သည် လွန်ခဲ့သည့် ၂၀၁၁ ဇွန်လ (၁၉) ရက်နေ့မှစ၍ ကချင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ကချင်ဒေသအတွင်း ထိုးစစ်ရပ်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့တွင် တကြိမ်၊ ယခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် တကြိမ် အပစ်ခတ်ရပ်စဲရန် ကြေငြာခဲ့သော်လည်း ယနေ့ချိန်ထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

Most read this week