သမီးဖြစ်သူနှင့် သက်ဆိုင်သည့် မြေပိုင်ဆိုင်မူ ကိစ္စ ဘခင်ဖြစ်သူကို တရားစွဲ

သမီးဖြစ်သူနှင့် သက်ဆိုင်သည့် မြေပိုင်ဆိုင်မူ ကိစ္စ ဘခင်ဖြစ်သူကို တရားစွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီး တစ်ဦးအကြား အငြင်းပွားနေသော မြေယာပိုင်ဆိုင်မူနှင့် ပတ်သက်ပြီး  ကာယကံရှင် အမျိုးသမီးကို တရားမစွဲဆိုဘဲ မသွားလာနိုင်ဘဲ ဖြစ်နေသော အမျိုးသမီး၏ ဘခင်ကိုသာ တရားစွဲထားကြောင်း  သတင်း ရရှိသည်။

အမ်းမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို မြင်ရစဉ်

“ကျွန်မအဖေကို တရားရုံးက ဆင့်ခေါ်တော့ ကျွန်မ သွားပါတယ်။ ဒီဇင်္ဘာလ ၂၁ ရက်နေ့က ခေါ်တာပါ။ ကျွန်မသွားတော့ တရားသူကြီးက နှင့်ကို ခေါ်တာမဟုတ်ဘူး။ နှင်လာစရာ မလိုဘူး။ နှင့်အဖေကိုသာ ခေါ်တာဆိုပြီး ရင့်ရင့်သီးသီးပြောပြီး ကျွန်မကို နှင်ထုတ်ပါတယ်” ဟု မြေပိုင်ဆိုင်မူ အငြင်းပွားနေသူ အမ်းမြို့ တပ်တောင် အမှတ် (၇) ရက်ကွက်နေ ဒေါ်ခင်လှရီက ပြောသည်။

ဒေါ်ခင်လှရီက အဆိုပါ မြေအငြင်းပွားမူ ပြဿနာ ဖြစ်နေသည်မှာ မိမိဖခင်နှင့် မဟုတ်ကြောင်း၊ မိမိနှင့်သာ ဖြစ်သဖြင့် မိမိကိုယ်သာ တရားစွဲဆိုသင့်ကြောင်း ပြောဆိုသော်လည်း တရားသူကြီးက လက်မခံကြောင်း သူမက ပြောသည်။

“ကျွန်မက တရားသူကြီးနာမည် အသေအချာတော့ မမှတ်မိဘူး။ ဦးမြင့်ဝင်းလို့ထင်ပါတယ်။ ကျွန်မကိုသာ တရားစွဲပါ။ ကျွန်မ ဖြေရှင်းမယ်ဆိိုတော့ လုံးဝ လက်မခံဘူး။ နှင့်အဖေကိုသာ လွှတ်လိုက်ပါဆိုပြီး ကျွန်မကို ရင့်ရင့်သီးသီး ပြောဆိုပါတယ်” ဟု ဆိုသည်။

ဒေါ်ခင်လှရီ၏ ဖခင် ဦးဘကြီးမှာ အသက် ၅၀ ကျော် အရွယ်သာ ရှိသော်လည်းး အဝလွန်သဖြင့် ကောင်းစွာ လမ်းမသွားနိုင်ဘဲ ဖြစ်နေသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက စွဲဆိုထားသော မြေယာပိုင်ဆိုင်မူကို သူမအနေဖြင့် ဖြေရှင်းလိုကြောင်း ပြောသည်။

“ဒီအမူကို ကျွန်မကိုယ်တိုင် ဖြေရှင်းချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်အေးထွန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြေစာရင်းဌာနက ဦးကျော်ဌေးနိုင်တို့ ပေါင်းပြီး သက်သက်ညစ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ ဒီမြေကို ကျွန်မတို့ ပိုင်ဆိုင်တဲ့ အတွက် ရပ်ကွက်သား ၄၇ ဦးကလည်း ရပ်ကွက် အတွက် ဘာမှ အနှောင့်အယှက် မဖြစ်သလို ပိုလို့တောင် ကောင်းတယ်လို့ စာတင်ထားပါတယ်။ ဒါပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးက လုံးဝ အရေးမစိုက်ဘဲ အုပ်ချုပ်ရေးမှူး ဦးကျန်အေးထွန်းစကားနဲ့ ကျွန်မတို့ကိုဘဲ ဖယ်ပေးဖို့ ပြောနေပါတယ်” ဟု သူမက ဆက်ပြောသည်။

ယခုအငြင်းပွားနေသော မြေမှာ တပ်တောင်ကျေးရွာ အမှတ် (၁) ရက်ကွက်တွင် အများပြည်သူများ ဆည်ဖို့ရန် မတတ််နိုင်ဘဲ ပစ်ပယ်ထားသော မြေနေရာ ဖြစ်ပြီး ဦးဖိုးကျန်ဆိုသူက ဒေါ်ခင်လှရီအား လွှဲပြောင်း ရောင်းချထားသော မြေဖြစ်သည်။

အဆိုပါ မြေနေရာတွင် ယခင်က ခုတ်ထွင် ရှင်းလင်းနိုင်ခြင်း မရှိသော ဒီရေရောက်တောများ၊ ခြံုတောများ ဖုံးလွှမ်းနေပြီး နှစ်စဉ် မိုးရာသီတွင် တာကျိုး၍ ရေများရပ်ကွက်တွင်းသို့ ၀င်လေ့ရှိကြောင်း သိရသည်။

ရပ်ကွက်ရပ်ကွက်သားများက အဆိုပါ နေရာတွင် တည်ရှိသော တာတမံအား ဆည်ဖို့ရန် တတ်နိုင်ခြင်း မရှိသဖြင့် ရပ်ကွက်ထဲမှ ဦးဖိုးမြဆိုသူအား တာတမံ ဆည်ဖို့ပေးပါက အဆိုပါ မြေကို ယူရန် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးဖိုးမြကလည်း မတတ်နိုင်သဖြင့် ဦးဖိုးကျန် ဆိုသူ နောက်ရွာသား တစ်ဦးအား ဆက်လက် လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။ ဦးဖိုးကျန်မှလည်း နှစ်စဉ် တာတမံ ပေါက်ကျနေသဖြင့် မဆည်ဖို့နိုင်၍ ဒေါ်ခင်လှရီလက်သို့ တဖန် လွှဲပြောင်း ရောင်းချသွားသည်ဟု ဆိုသည်။

ဒေါ်ခင်လှရီမှ ပိတ်ဆို့နေသော ခြံုနွယ်များကို ရှင်းလင်းပြီး တာတမံကို ကောင်းမွန်စွာ ဆည်ဖို့ပြီး လူသွားလာ၍ ရအောင် ပြုပြင်၍  သူမ၏ ငါးလုပ်ငန်းအတွက် အဆိုပါ နေရာကို အသုံးပြုရာ အနီးအနားရှိ တစ်ခြား ငါးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်လှစိန်မှ အဆိုပါ မြေနေရာကို သူလိုချင်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအား ချဉ်းကပ် ပြောဆိုရာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျန်အေးထွန်းမှ အဆိုပါ မြေနေရာမှ ဖယ်ပေးရန် တောင်းဆို လာကြောင်း သူမက ပြောဆိုသည်။

ယခုကဲ့သို့ တောင်းဆိုမူကို မလိုက်နာသဖြင့် မြို့နယ် တရားရုံးတွင် တရားစွဲဆိုသည်သာမက အဆိုပါ နေရာတွင် အလုပ် လုပ်ကိုင်၍ မရအောင်ထိ နှောင့်ယှက်ဟန့်တားမူများ ပြုလုပ်နေသည်ဟု ဒေါ်ခင်လှရီက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တစ်ခြား သက်ဆိုင်သူများအား ပိုမို သိရှိနိုင်အောင် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

Most read this week